မကွေး ၂၀ သြဂုတ်
မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင် ရေနံလုပ်ကွက်များကို ခွင့်ပြုပေးထားခြင်း မရှိဘဲ ဆောင်ရွက်နေသည်ကို တွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်၊ သယံဇာတရေးရာ ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ဇော်ထံမှ သိရသည်။
သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက မကွေးဒေသခံမီဒီယာများအား ဝန်ကြီးက ၎င်း၏ရုံးခန်း၌ လက်ခံတွေ့ဆုံ စဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇွန် ၂ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်ထိ အခွန်ငွေ ဘီလီယံ၂၀ ဝန်းကျင် ရရှိခဲ့သည်ဟု ဝန်ကြီးထံမှ သိရသည်။
“ရေနံကနေ တစ်လကို တစ်ဘီလီယံလောက် ရတယ်။ ကျပ်သန်းတစ်ထောင်ပေါ့။ တိုင်းအတွင်းမှာ ပြည်ထောင်စုက တရားဝင် ခွင့်ပြုထားတာ တရားဝင်လုပ်ကွက် ၁၄ ကွက်ရှိတယ်။ တရားမဝင်ကတော့ ခွင့်ပြုမထားဘူး။ တွေ့ရင်တော့ ဖမ်းမှာပဲ” ဟု ဝန်ကြီးက ပြောသည်။
ရေနံတူးဖော်ရေး လုပ်ငန်း၌ အခက်အခဲနှင့် အဆင်မပြေမှုများ ရှိနေကြောင်း၊ လုပ်ငန်းနှင့်ပတ်သက်၍ စိုးရိမ်စရာ မရှိပါက တရားဝင်ခြင်း၊ မဝင်ခြင်းကိစ္စ အပါအဝင် အခြားတင်ပြစရာ များစွာလည်း ရှိနေကြောင်း ရေနံလုပ်ငန်း လုပ်ကိုင်သူ အချို့ ထံမှ သိရသည်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာတွင် တရားမဝင် ရေနံတူးဖော်၊ သယ်ဆောင်သူများထံမှ ငွေကြေး ကောက်ခံမှုကိစ္စအား အဂတိတိုက်ဖျက်ရေး ကော်မရှင်မှ တိုင်ကြားချက်အရ စစ်ဆေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ်အဆင့်ရှိသူတစ်ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခဲ့ရသည့်ဖြစ်စဉ်တစ်ခု ၂၀၁၉ ခုနှစ် ဇွန်လအတွင်းရှိခဲ့ကြောင်း ကော်မရှင်မှ သိရသည်။
ဇေယျတု(မကွေး)


