မကွေး ၃၀ ဇန်နဝါရီ 

မကွေးတိုင်းဒေသကြီးအတွင်း၌ ကျေးလက်လမ်းတံတား၊ ရေပေးဝေရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်လုပ်ငန်းများအား ကျပ်သန်း ၄၆၀ဝ ကျော် အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ မြို့နယ်ပေါင်း ၂၁ မြို့နယ်ထဲက ကျေးရွာ ၂၅၇ ရွာမှာ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းတွေကို ဌာနဘတ်ဂျက် ကျပ်သန်း ၂၅၇၀ အသုံးပြုဆောင်ရွက်နေပါတယ်။  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က စပြီးတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထိ ကျေးရွာပေါင်း ၄၃၈ရွာမှာ ဌာနထည့်ဝင်ငွေ ၄၂၁၅သန်း၊ ပြည်သူ ထည့်ဝင်ငွေ ၃၉၉ ဒသမ ၆၉ သန်း၊ လွှတ်တော်ရန်ပုံငွေ ၅သန်း နဲ့ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမျိုးအောင် က ပြောသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန် မီနီဘတ်ဂျက်ထိ ကျေးလက်လမ်းတံတား (၁၂၃)ခု၊ ရေပေးဝေရေးလုပ်ငန်း (၃၀)ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်း(၁၂)ခု၊ ပညာရေးလုပ်ငန်း(၁၆)ခု၊ ကျန်းမာရေး(၇)ခု နှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်း(၉)ခုတို့အား လုပ်ဆောင်နိုင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

 

mdn

 

“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း Village Development Project (VDP) ဆိုတာ ကျေးရွာပြည်သူတွေ ကိုယ်တိုင် စီမံခန့်ခွဲနိုင်တဲ့စနစ်ဖြစ်ပါတယ်။ သတ်မှတ်စည်းကမ်းတွေနဲ့အညီ သက်ဆိုင်ရာ ဒေသလွှတ်တော် ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ စိစစ်မှုတွေကတစ်ဆင့် ကျေးရွာတွေကို အရင် ရွေးချယ်ပြီးရင် ကျေးရွာတွေမှာ တစ်ရွာလုံးရဲ့ဆန္ဒနဲ့ ကော်မတီဝင်တွေကို ရွေးချယ်ရပါတယ်။ ကော်မတီ ဖြစ်လာရင် သူတို့ကို စီမံချက်ဘယ်လိုရေးဆွဲရမလဲဆိုတာ ဌာနက သင်တန်းပေးပါတယ်။ သင်တန်းကနေ ပြန်သွားရင် ကျေးရွာမှာ ဘယ်ကဏ္ဍကိုဦးစားပေးလုပ်မလဲဆိုတာ တစ်ရွာလုံးရဲ့ဆန္ဒနဲ့ စီမံချက်ရေး ဆွဲအကောင်အထည်ဖော်ရပါတယ်" ဟု တိုင်းဦးစီးမှူးက ရှင်းပြသည်။

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျင် ကျပ်သိန်း တစ်ရာ ထောက်ပံ့ပေးပြီး အချို့ ကျေးရွာများက ပြည်သူထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း၊ ကျေးရွာလူထုဆန္ဒဖြင့် ဦးစားပေးအဆင့်အလိုက် စီမံချက်စာအုပ်ရေးဆွဲထားရှိနိုင်ခြင်းကြောင့် မည်သည့်ဌာန၊ အဖွဲ့အစည်းက ထောက်ပံ့ကူညီသည်ဖြစ်စေ ကျေးရွာဖွံ့ဖြိုးလုပ်ငန်းများကို စနစ်တကျရေရှည်စီမံချက်ဖြင့် အကောင်အထည်ဖော်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ဇေယျတု(မကွေး)

 

mdn