နေပြည်တော် ဧပြီ ၂၅

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စလင်းမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မကွေးတိုင်းဒေသကြီးအတွင်း လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၁၈,၁၈၀)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးမှု အခြေအနေများ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုက်ပွဲရှောင်များ၊ အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်ခံခဲ့ရသူများအတွက် ထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၁၈၁၈၀)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၅၄၅ ဒသမ ၄၀ သန်း၊ စလင်းမြို့နယ် လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၄၀၈၀၀၀၀ဝ နှင့် ဆန်အိတ်(၄၆၅)အိတ်တို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး တိုင်းဒေသကြီးအတွင်း သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်ခံရသူများအတွက် ထောက်ပံ့ကူညီမှုနှင့် ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မကွေးမြို့ ဖန်ခါးမြေဘိုးဘွားရိပ်သာသို့ သွားရောက်၍ ဘိုးဘွားများကို ဦးခိုက်ကန်တော့ကြကာ ဘိုးဘွားများအတွက် ထောက်ပံ့ငွေများပေးအပ်ပြီး ရိပ်သာအတွင်း ဘိုးဘွားများ၏ စားသောက်နေထိုင်မှုအတွက် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန မကွေးကလေးပြုစုရေးဌာနသို့ ရောက်ရှိပြီး ကလေးများကို ပြုစုစောင့်ရှောက်နိုင်ရေးအတွက် ဝန်ထမ်းအင်အား ဖြည့်တင်းပေးနိုင်ရေး၊ လေဝင်လေထွက်နှင့် အလင်းရောင် ကောင်းမွန်စွာရရှိရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိတွေ့ခံစားနိုင်ရေး ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို မှာကြားကာ ကလေးပြုစုရေးဌာနအတွင်း ပြုစုစောင့်ရှောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်သူနှင့်ဆက်ဆံရသော ဌာနဖြစ်၍ လူမှုဝန်ထမ်းသမားကောင်းများ ပီသစွာဖြင့် ဆက်ဆံရေးပြေပြစ်ရန်၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာများ ကျွမ်းကျင်ရန်နှင့် လုပ်ငန်းအခက်အခဲများကို မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဖြေရှင်းကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို   ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်