မကွေး မေ ၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကို ၂၀၂၁-၂၀၂၂ ခု (၆)လဘတ်ဂျက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ (၁၁၅)ရွာ၌ နိုင်ငံတော်မှ ရန်ပုံငွေ ကျပ် ၁၁၅၀ သန်း ထောက်ပံ့ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဆိုတာ ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာရဲ့ ပကတိလိုအပ်ချက်တွေကို ဖော်ထုတ်လျက် ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များ ရေးဆွဲဖော်ထုတ်နိုင်စေပြီး အဲဒီရရှိလာတဲ့ ဦးစားပေးစီမံချက်တွေပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားကာ စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ဖြစ်ပါတယ်။ ကျေးရွာတွေက ထွက်ပေါ်လာတဲ့ စီမံချက်လုပ်ငန်းတွေကို မြို့နယ်အဆင့် ဦးစီးဌာနအသီးသီးရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်” ဟု မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးမောင်က ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို နိုင်ငံတော်ထောက်ပံ့ငွေ၊ ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်း၊ ကျေးရွာတွင်း လမ်းလုပ်ငန်းများ၊ သောက်သုံးရေ ရရှိရေးလုပ်ငန်း၊ စာသင်ကျောင်းဆောင် ဆောက်လုပ်ငန်းခြင်းလုပ်ငန်း၊ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း အစရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၁-၂၀၂၂ ခု (၆)လဘတ်ဂျက်အတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀)မြို့နယ်မှ ကျေးရွာ (၁၁၉)ရွာတွင် ကျေးရွာ (၁)ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀)စီ ထောက်ပံ့၍ ပြည်သူထည့်ဝင်ငွေများ ပါဝင်လျက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အိမ်ခြေ (၂၁၉၇၂)၊ အိမ်ထောင်စုပေါင်း (၂၂၀၃၄)၊ လူဦးရေ (၉၀၁၂၂)ဦးတို့အတွက် အကျိုးပြုကြောင်း သိရသည်။
မယ်သင်း(ကျေးလက်)