မကွေး ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ ရာသီမရွေးသောက်သုံးရေများ ဖူလုံစွာရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၄၀ ၌ ငွေကျပ်သန်း ၄၁၀၀ ကျော်အသုံးပြုပြီး ကျေးလက်ရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်က ရေရှားပါးပေးဝေ ခဲ့ရသည့် ကျေးရွာများနှင့် အခြားရေရှားပါးနိုင်သည့် ကျေးရွာ ၂၄၀ကို ဦးစားပေးကာ တွင်းနက်စက်ရေတွင်း ၉၃ တွင်း၊ တွင်းတိမ် စက်ရေတွင်း သုံးတွင်း၊ လက်တူးတွင်း ခုနစ်တွင်း၊ မြေသားရေကန် ၃၈ ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း ခြောက်ခု၊ အခြားရေရရှိရေးလုပ်ငန်း ၉၆ ခု စုစုပေါင်းရေရှိရေးလုပ်ငန်းပေါင်း ၂၄၃ ခုကို ငွေကျပ် ၄၁၀၀ ဒသမ ၆၃၇၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ပြောပြသည်။
စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများတွင် အမြင့်ပေ ၂၀ ရှိ ဂါလန် ၂၄၀၀ ဆံစင်မြင့်ရေစင် သို့မဟုတ် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်နှင့် အလျား ၁၀ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရှိ ရေစက်ရုံတစ်ခုစီ၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းတွင် ခြံစည်းရိုးခတ်ခြင်းနှင့် လက်နှိပ် တုံကင်တပ်ဆင်ခြင်း၊ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်းတွင် ခြံစည်းရိုခတ်ခြင်းနှင့် လက်နှိပ် တုံကင်တပ်ဆပ်ခြင်းနှင့် စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းတွင် ရေတားတမံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းနှင့် အခြားရေရရှိရေးလုပ်ငန်းတွင် ရေမြှုပ်ပန့်လှဲလယ်ခြင်း၊ အမြင့်တင် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းတွေ ပါဝင်ပြီး အချို့ကျေးရွာများတွင် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းတွေ ပါဝင်တယ်လို့ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင် ဆက်လက်ပြောပြသည်။
အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၂၄၀ ရွာရှိ အိမ်ခြေ ၃၆၂၉၇ ၊ လူဦးရေ ၁၆၉၂၅၃ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက် ရာသီမရွေး သောက်သုံးရေများ ဖူလုံစွာရရှိနေပြီဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


