မကွေး  ၇  ဧပြီ

 

မကွေးတိုင်းဒေသကြီးအတွင်း သစ်တောကြိုးဝိုင်း ၊ ကြိုးပြင်ကာကွယ်တောများ၌ ဝါးစိုက်ခင်းများ ထူထောင် ထုတ်လုပ်ခွင့်ပြုထားပြီး ထုတ်လုပ်သည့် ဝါးအကြီးအသေးအလိုက် အခွန်ငွေများလည်း ကောက်ခံလျက်ရှိရာ ယမန်နှစ်က အခွန်ငွေ (၉၂.၂၁၈)သန်းရရှိခဲ့ကြောင်း တိုင်းဒေသကြီး သစ်တော ဦးစီးဌာနမှ သိရသည်။

 

407

 

အရှည် ၁၈ ပေ ၊ ထိပ်ဝအကျယ် အချင်း ၃ လက်မ အထက်ကို ဝါးကြီး၊ အချင်း ၃လက်မအောက်ကို ဝါးသေးဟု သတ်မှတ်ကာ အခွန်ငွေများ ကောက်ခံနေခြင်းဖြစ်ပြီး တိုင်းအတွင်း သစ်တောကြိုးဝိုင်း ပေါင်း(၁၆၆)ခု၌ လုပ်ငန်းရှင်(၁၆၇)ဦး က ဝါးစိုက်ခင်းများ တည်ထောင်ထုတ်လုပ်လျက်ရှိသည်။

 

 “ ဝါးကြီးစာရင်းဝင်တဲ့ ဝါးပိုးဝါးကို ငွေကျပ် ၁၀ဝဝ ဝါးပိုးမဟုတ်တဲ့ အခြားမျိုး ဝါးကြီးကို ကျပ် ၄၀၊ ကြက်သောင်း ဝါးလိုဝါးသေးတွေကို တစ်လုံး ၁၀ ကျပ်ကောက်ပါတယ်။ မကွေးတိုင်းမှာအထွက်များတဲ့ မျှင်ဝါးကို ၅ ကျပ်ကောက်ပါတယ်။  ဒီနှစ် ၂၀၂၀ မှာ ဝါးအလုံးရေ ၁၄၅သိန်းကျော် ထုတ်နိုင်ဖို့ လျာထားပါတယ်။ ရတဲ့အခွန်ငွေတွေကတော့ မကွေးတိုင်းဒေသကြီး အခွန်ရငွေစာရင်းထဲကို ဝင်သွားမှာပါ ” ဟု မကွေးတိုင်းသစ်တောဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောသည်။ 

 

မကွေးတိုင်း၏ သစ်တောနယ်မြေ ဧကပေါင်း ၂.၇၅၇ သန်းထဲတွင် ဝါးစိုက်ဧက ၆သိန်းခန့်ရှိပြီး လတ်တလော ဝါးထုတ်လုပ်ဆဲ ကာလဖြစ်၍ အခွန်ငွေ ၁၅ သန်းခန့်သာ ရရှိသေးကြောင်း ၊ ယမန်နှစ်ကကဲ့သို့ အခွန်ငွေကျပ်သန်း ၉၀ ကျော်ရရှိရန် လျာထားပြီး ထုတ်လုပ်ခွင့်ပြုထားကြောင်း ညွှန်ကြားရေမှူး ဦးစိုးတင့်ထံမှ သိရသည်။

 

754

 

သစ်တောဦးစီးဌာနအနေဖြင့် ဝါးလုပ်ကွက်များမှ အခွန်ဘဏ္ဍာငွေရရှိအောင်လုပ်ဆောင်နေသော်လည်း စည်း ကမ်းမဲ့ အလွန်အကျွံထုတ်လုပ်ခြင်း မရှိစေရန် ၃ နှစ်တစ်ကြိမ် နေရာပြောင်း၍ လုပ်ကွက်များ ချထားပေးခြင်း ၊ ဝါးတစ်သိန်း ထုတ်လျှင် ထုတ်လုပ်သူကို ဝါးစိုက်ခင်းတစ်ဧက ပြန်လည်စိုက်ပျိုးစေခြင်း ၊ အများပြည်သူများထံ ဝါးပင် ၃၅၀ဝ၀ အား အခမဲ့ ဖြန့်ဖြူးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

 

 ဇေယျတု(မကွေး)