နေပြည်တော် သြဂုတ် ၁၂
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် မကွေးတိုင်းဒေသကြီးအတွင်း စနစ်တကျဆည်ရေပေးဝေနိုင်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေးအတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံမျိုးများပြောင်းလဲ အသုံးပြု၍ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ မြစ်ရေတင်လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် တဆင့်ခြင်းတိုး၍ ဆောင်ရွက်ပေးနိုင်ရေး၊ ရေချိုအရင်း မြစ်များ ရှာဖွေဖော်ထုတ်၍ ရနိုင်သမျှ ရေရရှိရေး နည်းလမ်းများဖြင့် စိုက်ပျိုးရေဖူလုံရေးကို ဘက်ပေါင်း စုံံမှဖြည့်ဆည်းဆောင်ရွက်ပေးပြီး စိုက်ပျိုးမြေဧရိယာများများ အကျိုးပြုနိုင်မည့်နေရာများကို ဦးစားပေး လုပ်ဆောင်ရေး၊ တောင်သူများ လက်တွေ့ကျကျ အသုံးပြုနိုင်သည့် လယ်ယာလုပ်ငန်းသုံးစက်ပစ္စည်းများ ထုတ်လုပ်နိုင်မည့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ ဆည်ရေသောက် ဧရိယာအလိုက် တစ်ကွင်းတဆက်တည်း ဧက(၁၀၀) အဆင့်မြင့် စနစ်တကျလယ်ယာမြေ ဖော်ထုတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် မကွေးမြို့နယ်၊ တောင်ငူချောင်းကို မျောရိုက်ကျောက်ဖြည့် ရေလွှဲဆည်တည်ဆောက်ခြင်းလုပ်ငန်းခွင်နှင့် စည်ပင်သာ ကျေးရွာရှိ ရေစုတွင်းကျယ်မှ ရေပေးဝေခြင်း၊ ဆိုလာရေတင်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွကျေးရွာအုပ်စု၊ ရန်ပယ်သတိုးတန်း ရေလွှဲတန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီး ရေယူမြောင်း တူးဖော် ခြင်းလုပ်ငန်းခွင်၊ ဝါးခြမ်းကာရွာအနီး စက်ရေတွင်း(၂၃)တွင်း တူးဖော်ထားရှိပြီး တောင်သူဦးစိုးရီ၏ စိုက်ကွင်းအတွင်း (၄)လက်မ စက်ရေတွင်း (၃)တွင်းပေါင်း၍ စိုက်ပျိုးရေအသုံးပြုနေမှု နှင့် အင်ကြင်းကုန်းအုပ်စု၊ မင်းကြီးရောင် ကျေးရွာ ရေလွှဲဆည် တည်ဆောက်ပြီး နွေစပါးစိုက်ပျိုးနိုင်ရေး လုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တောင်တွင်းကြီးမြို့၊ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ရိပ်သာတွင် ခရိုင်နှင့်မြို့နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အောင်လံမြို့၊ ကျောက်ဆည် ဆိုလာလျှပ်စစ်ရေတင်စီမံကိန်းလုပ်ငန်းခွင် နှင့် ပျဉ်းပင်လှကျေးရွာ ဒုရင်္ဂဗိုလ် လျှပ်စစ် မြစ်ရေတင်လုပ်ငန်းများကို လည်းကောင်း၊အောင်လံမြို့နယ်၊ ကျီရပ်ကုန်း ကျေးရွာအုပ်စု တွင် စက်မှုလယ်ယာဦးစီးဌာနက တာဝန်ယူဖော်ထုတ်ပြီးသည့် စနစ်ကျလယ်ယာ မြေ(၁၆၈ဒသမ၈၅) ဧကတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းနှီးစွာတွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုမြှင့် တင်ဆောင်ရွက်ရေး အားပေးပြောကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ငွေသပြာ ဆိုလာစနစ် ရေတင်လုပ်ငန်းနှင့် ပြည်မြို့ မတောင့်တရေလွှဲဆည် ၊ အမှတ်(၃၀) စက်မှုလယ်ယာစခန်း(ပြည်မြို့) တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်