မကွေးတိုင်းဒေသကြီး၏ ဧရာဝတီမြစ်အတွင်းတွေ့ရှိရသော မြန်မာ့ရေချိုငါးလိပ်ကျောက်

(ယမန်နေ့မှ အဆက်)

ရေလုပ်သားများ ငါးဖမ်းရန် မြစ်သို့ မထွက်ခွာမီ မိန်းမများက စိတ်ဆိုး၍ ငါးဖမ်းသွားလျှင် ငါးလိပ်ကျောက်ဆူးထိုးပါစေဟု ပြောလျှင် ထိုရေလုပ်သားအား အခြားသူများက မခေါ်ဘဲထားခဲ့ကာ ပိုက်ဆင်းသွားကြသည်ကိုလည်း ရေလုပ်သားကြီး ဦးသိန်းကျော်၏ ပြောပြချက်အရ သိရှိခဲ့ရသည်။ ငါးလိပ်ကျောက်ဆူးထိုးမိလျှင် ထိုးမိသော အနာသည် သေးငယ်သော်လည်း ပြင်ပလေနှင့်ထိတွေ့ပါက အလွန်နာကျင်သည့်အတွက် ရေလုပ်သားများက အလွန်ကြောက်ကြခြင်း ဖြစ်သည်။ မကွေးမြို့ မြို့ဟောင်းရပ်မှ ငါးလိပ်ကျောက် ထိုးခံခဲ့ရသော အဒေါ်ကြီး၏ ငါးလိပ်ကျောက်ဆူး ထိုးမိသောလက်သည် သေသည့်တိုင်အောင် အကြောသေသွားသည်ဟု သိရှိခဲ့ရသည်။ ရေချိုငါးလိပ် ကျောက်ဆူးအန္တရာယ်မှ ကာကွယ်နိုင်ရန် ရေလုပ်သားများ ငါးဖမ်းထွက်စဉ် ခရာပင်အမြစ်ကို လက်မောင်းတွင် စည်းနှောင်၍ ငါးဖမ်းထွက်ပါက ငါးလိပ်ကျောက်ဆူးအန္တရာယ်မှ ကင်းကြောင်းနှင့် စူးမိလျှင်လည်း အဆိပ်မရှိဟု သိရှိရသည်။

စီးပွားရေးအရ အရေးပါပုံနှင့် ဆူးတောင်အသုံးဝင်ပုံ

ငါးလိပ်ကျောက်၏ အသားဖွဲ့စည်းပုံသည် အမျှင်များဖြင့် ဖွဲ့စည်းထားပြီး အစို၊ ကျပ်တင်၊ အခြောက်စသည့် ပုံစံမျိုးစုံဖြင့် ပြုပြင်မွမ်းမံ စားသုံးနိုင်သည်။ အသားမှာ ချိုသောအရသာရှိ၍ ကိုလက်စထရော နည်းပါးခြင်းကြောင့် ကျန်းမာရေးအရ စားသုံးသင့်ပါသည်။ အလှူများတွင် အခြောက်ကို အိုးကြီးချက် တလိမ့်ထိုးချက်စနစ်ဖြင့် အလွန်လူကြိုက်များကြသည်။ ကျပ်တင်ခြောက်ကို အစပ်သုပ်စားပါက ခံတွင်းတွေ့သည့် ဟင်းလျာတစ်မျိုး ဖြစ်သည်။ ထို့ပြင် ငါးလိပ်ကျောက် အရေခွံကို ခါးပတ်၊ လက်ကိုင်အိတ်၊ ဖိနပ်စသော လူ့အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ်နိုင်ပြီး ကော်ထုတ်လုပ်ရာတွင်လည်း သုံးစွဲသည်ဟု သိရသည်။

ငါးလိပ်ကျောက်ဆူးကိုမူ ဆီးမသွားနိုင်သော လူများအား သွေးလိမ်းပေးပါက ဆီးသွားရ လွယ်ကူစေသည်။ ၎င်းရောဂါအပြင်၊ အမျိုးသမီးများ မီးမဖွားနိုင်ပါက ဦးခေါင်းတွင် ငါးလိပ်ကျောက်ဆူး ထိုးလိုက်လျှင် လွယ်ကူစွာ မီးဖွားနိုင်ကြောင်း သိရှိရသည်။ မြန်မာ ပရဆေးဆိုင်များတွင် ရောင်းချလေ့ရှိသည်၊ ရေငန်လိပ်ကျောက်ဆူးများဟု ထင်မိသည်။ နိုင်ငံခြားတွင် ရေငန်၊ ရေချို ငါးလိပ်ကျောက် အရှင်များကို အလှမွေးငါးကန်များ၊ ရေသတ္တဝါပြတိုက်များ၊ တက္ကသိုလ်များတွင် ပြသမွေးမြူရန် ရောင်းချလေ့ရှိပြီး အမျိုးအစား၊ အရွယ်အစား၊ အရောင်အဆင်းကိုလိုက်၍ စျေးနှုန်းအနည်းအများ ရှိသည်။ အနောက်နိုင်ငံတွင် တွေ့ရှိရသော ရေချိုငါးလိပ်ကျောက် ၁၀ စင်တီမီတာအရွယ်တစ်ကောင်လျှင် အမေရိကန်ဒေါ်လာ ၅၀ မှ ၁၅၀၀ ထိ ဈေးရှိကြောင်း ကြော်ငြာတစ်ခုတွင် တွေ့ဖူးခဲ့သည်။

ရေချိုငါးလိပ်ကျောက်များသည် တစ်နှစ်ကမ္ဘာ့စုစုပေါင်းငါးထုတ် လုပ်မှုပမာဏ တန်ချိန် ၁၂၂ ဒသမ ၆ သန်းအနက် တစ်နှစ်လျှင် တန်ချိန် ၀ ဒသမ ၁၃၉ သန်းသာ ထုတ်လုပ်သည်ကို တွေ့ရှိရသည်။ ရေချိုငါးလိပ်ကျောက်များမှာ သူ့သဘာဝ ဓလေ့အရ ရေချိုမြစ်ဝှမ်း သောင်ပြင်တို့၌သာရှိပြီး ဒေသအနည်းငယ်တွင်သာ ကွက်၍ တွေ့ရသည့်အပြင် စားသုံးမှုနည်းပါးသဖြင့် စီးပွားဖြစ် ဖမ်းယူကြခြင်း မရှိကြသည်ဟု သုံးသပ်မိသည်။ သို့ရာတွင် ရေချိုဂေဟစနစ် လေ့လာမှု၊ ရေချိုငါးများ တည်ရှိပျံ့နှံ့မှုနှင့် ပေါကြွယ်ဝမှုတို့တွင် ရေချို ငါးလိပ်ကျောက်မျိုးများသည် အရေးပါသည့်အတွက် အဆိုပါ ငါးလိပ် ကျောက်မျိုးများ မျိုးသုဉ်း မပျောက်ကွယ်အောင် မြန်မာနိုင်ငံအပါအဝင် တွေ့ရှိနိုင်ငံများက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးရန် အထူးလိုအပ်မည်ဖြစ်သည်။

အကြံပြုချက်

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကျက်စားနေထိုင်လျက်ရှိသည့် ရေချိုငါးလိပ်ကျောက်မျိုးစိတ်များသည် ကမ္ဘာပေါ်တွင်တွေ့ရန် ရှားပါးသည့် မျိုးစိတ်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖမ်းဆီးရရှိမှု နည်းပါးလာသည့်အပြင် အကောင်အရွယ်အစားမှာလည်း သေးငယ်သွား ကြောင်းသိရသဖြင့် နိုင်ငံတော်၏ ရှားပါးသက်ရှိရေသယံဇာတတစ်ခု မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက ပြည်တွင်းပြည်ပကျွမ်းကျင်သည့် ပညာရှင်များ၊ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေလုပ်သားများ၊ ဒေသခံများ ပါဝင်သည့် အဖွဲ့များဖြင့် လေ့လာပြီး စနစ်တကျ ဆောင်ရွက်သင့်သည်ဟု အကြံပြုအပ်ပါသည်။

ငါးလုပ်ငန်းဦးစီးဌာနသည် မိမိဌာန၏ ရည်မှန်းချက်ဖြစ်သော ငါးသယံဇာတများ ရေရှည်တည်တံ့ရေး၊ ဂေဟစနစ်မပျက်စီးရေး၊ တိုင်းရင်းငါးများ သဘာဝရေပြင်၌ ပေါများလာကာ လိုအပ်သော ငါးရိက္ခာကို ပိုမိုထုတ်လုပ်လာနိုင်စေရေး၊ ဒေသခံရေလုပ်သားများ၊ ရေသယံဇာတ ထိန်းသိမ်းရေး အသိပညာဗဟုသုတများ ပေါများလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးလာစေရေးတို့ကို ဆောင်ရွက်ရာတွင် ရေချို ငါးလိပ်ကျောက် မျိုးထိန်းသိမ်းရေးကိုလည်း တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြအပ်သည်။ ။