စလင်း ၂၄ ဧပြီ
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စည်သူခန်းမ၌ ဧပြီလ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ (ပထမ)အကြိမ် ထုတ်ပေးခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်တို့က အမှာစကားပြောကြားရာတွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာရှေ့ထားပြီး ဆောင်ရွက်ကြရန်မှာကြားပြောဆိုခဲ့ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ရုံးအုပ်ကြီးဦးသိန်းဇော်က ရုံးလုပ်ငန်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရမည့်အခက်အခဲများကို ဖွံ့ဖြိုးရေးလုပ်ငန်း အဖွဲ့ဝင်များက တင်ပြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
၎င်းနောက် လွှတ်တော်ကိုယ်စားလှယ်မျာနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများက ဖွံ့ဖြိုးရေး ရန်ပုံငွေများ (ပထမ)အကြိမ်ပေးအပ်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေရရှိသောကျေးရွာများမှ ကော်မတီဝင်အသီးသီး ကလက်ခံရယူခဲ့ကြသည်။ စလင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေသိန်းတစ်ထောင်မှ ပထမအကြိမ် သိန်းငါးရာကို ရပ်ကွက်ကျေးရွာအုပ်စုများရှိ ရေရရှိရေးလုပ်ငန်း(၄)ခု၊ တံတားလုပ်ငန်း (၄)ခု၊ ကျေးလက် လမ်းလုပ်ငန်း (၁၅)ခုတို့တွင် အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)


