စလင်း  ၂   မေ

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်အတွက် တိုင်းဒေသကြီးလွှတ်တော်မှ ကူးစက်ရောဂါကာကွယ်ရေး သုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ကျင်းပသည်။

 

ဦးစွာလှူဒါန်းပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံမှုမရှိစေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်းအတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ ဆက်လက်ပြီး ကိုဗစ်-၁၉ ရေဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စနစ်တကျကြပ်မတ် ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ စလင်းမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင့်ဆွေမှ မြို့နယ်အတွင်းရှိ နေရပ် ပြန်များအား အသွားအလာကန့်သတ်၍ ကျန်းမာရေးစောင့်ကြည့်ခြင်း အစီအစဉ် (Community Based Facility Quarantine) ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် သံသယရောဂါလက္ခဏာပြ လူနာထားရှိရန် သီးသန့်အဆောင်ပြုလုပ်ထားရှိခြင်းများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြိုနယ် အတွင်းရှိ ဆင်ဖြူကျွန်း၊ လင်းဇင်း၊ တညောင်၊ သရက်တော တိုက်နယ်ဆေးရုံများအတွက် တစ်ကိုယ်ရည်သုံး ကာကွယ်ရေးဝတ်စုံ(PPE) ၁၀ စုံ၊ နှာခေါင်းစည်း(Mask) ၁၀ဝ၀ ခု၊ အပူချိန်တိုင်း ကိရိယာ ၃ ခု၊ အကာအကွယ် မျက်မှန် ၁၀ ခု၊ လက်သန့်ဆေးရေ ၁၀ ဂါလန်ဘူး ၂ ဘူး၊ ၂၅၀ စီစီဝင် Hand Gel ၂၀ ဘူးနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှု ဉီးစီးဌာနမှလှူဒါန်းသော တစ်ကိုယ်ရည်သုံး ကာကွယ်ရေးဝတ်စုံ(PPE) ၄ စုံတို့အား ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ တင့်ဆွေနှင့် တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန်များမှ လက်ခံရယူခဲ့သည်။

 

အဆိုပါလှူဒါန်းပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကံဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ မင်းဘူးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဟိန်းဆက်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးအေးကို၊ မြို့နယ်ဆရာဝန်ကြီးနှင့် တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုးမိုးသူ(စလင်း)