မကွေး ၁၄ ဩဂုတ်
မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်တွင်းကြီးမြို့၊ မြို့သစ်မြို့၊ နတ်မောက်မြို့၊ မကွေးမြို့နှင့် မင်းဘူးမြို့တို့မှ စပါးစိုက်တောင်သူများအား အာဟာရပြည့်ဝသော နွားစာတုံးပြုလုပ်ခြင်း၊ ကောက်ရိုးမှို မွေးမြူခြင်း၊ ကောက်ရိုးမှ စက္ကူပြုလုပ်ခြင်း၊ စပါးခွံဖွဲပြာသုံး စွမ်းအင်မဲ့ အအေးခန်း ပြုလုပ်ခြင်း၊ စပါးခွံနှင့် ကောက်ရိုး အသုံးပြု တီကျစ်မြေသြဇာနှင့် ဇီဝမြေသြဇာများ ပြုလုပ်ခြင်း၊ အဇိုလာ မွေးမြူခြင်း၊ ပေါင်းဆန် အခြေခံ အာဟာပြည့် မုန့်မျိုးစုံပြုလုပ်ခြင်း၊ တာရှည်ခံဖွဲနုထုတ်လုပ်ခြင်း၊ ဆန်မကြိတ်မီ အရည်အသွေး စစ်ဆေးခြင်း နည်းပညာများအား လက်တွေ့နှင့် စာတွေ့သင်ကြားပို့ချသည့် စပါးပင်၏ အစိတ်အပိုင်းများ အားလုံး အကျိုးရှိစွာအသုံးချနိုင်မည့် နည်းပညာသင်တန်းကို စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ စပါးဇီဝဥယျာဉ် သုတေသနဌာနစု၊ ရေဆင်း၊ နေပြည်တော်၌ ဩဂုတ် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက စပါးစိုက်တောင်သူများ အနေဖြင့် အစေ့အဆံ ရရှိဖို့သည် အရေးကြီးသော်လည်း ကျန်ရှိနေသည့် အစိတ်အပိုင်းများမှ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်၍ မိသားစုဝင်ငွေ တိုးတက်စေနိုင်ကြောင်း၊ ထိုနည်းလမ်းများအား ဤ သင်တန်း၌ သင်ကြားပြသပေးမည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားပြသသည့် နည်းပညာများအပြင် မိမိတို့ထပ်မံလေ့လာလိုသည့် စိုက်ပျိုးရေးဆိုင်ရာ ပြဿနာအခက်အခဲများ ရှိပါကလည်း ပညာရှင်များစေလွှတ် ဆွေးနွေးစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦးက စပါးရိတ်သိမ်းပြီးသည့်အခါ ထွက်ရှိ လာသည့် ကောက်ရိုးများနှင့် ဆန်ကြိတ်ခွဲသည့်အခါထွက်ရှိလာမည့် ဖွဲ၊ ဆန်ကွဲများအား အကျိုးရှိစွာ အသုံးချသည့် နည်းလမ်းများကို သင်ကြားပြသပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ အခြားသောသီးနှံများအားလည်း လေ့လာနိုင်ပါကြောင်းနှင့် သုတေသနရလဒ်များအားလုံးသည် အသုံးပြုမည့် တောင်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရန်ဖြစ်ကြောင်း ပြောသည်။
ထို့နောက် ညွှန်ကြားရေးမှူး ဒေါက်တာစုစုဝင်းက မြန်မာနိုင်ငံတွင် စပါးစိုက်ဧရိယာများသည့်အလျောက် စပါးပင်မှ ထွက်ရှိလာသည့် အစိတ်အပိုင်းများအား မစွန့်ပြစ်ပဲ စနစ်တကျအသုံးချသည့် နည်းလမ်း များကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ရှာဖွေတွေ့ရှိထားသည့် သုတေသန တွေ့ရှိချက်များအား ယခုလိုသင်တန်းများပြုလုပ်၍ တောင်သူများနှင့် တိုက်ရိုက်ထိတွေ့၍ သော်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာပေးဝန်ထမ်းများမှသော်လည်းကောင်း ဝေမျှလျက် ရှိပါကြောင်း၊ စပါးအပြင် ဆီထွက်သီးနှံများကိုလည်း ယခုလိုသင်တန်းများပြုလုပ်ရန် အစီအစဉ် ရှိပါကြောင်းနှင့် သိရှိလိုသည့်အကြောင်းအရာများအား လွတ်လပ်စွာဆွေးနွေးစေလိုကြောင်း ပြောကြား သည်။
ယခု သင်တန်းသည် COVID-19 ကာလအတွင်း တောင်သူများ၏ လူမှုစီးပွါး ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဖွင့်လှစ်သော ဒုတိယအကြိမ်မြောက် သင်တန်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ တောင်သူများအတွက် စပါးပင်၏အစိတ်အပိုင်းအားလုံး အကျိုးရှိစွာ အသုံးချမည့် တောင်သူပညာပေးသင်တန်းအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ်အဖြစ် ဆက်လက် ပို့ချပေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
မေမိုးသဲ