မကွေး ၁၀ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီတပ်ဖွဲ့ဝင် (၃၉)ဦးသည် ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ်ရှိ ကိုဗစ်စင်တာတွင် ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများ၌ တာဝန်များ စတင်ထမ်းဆောင် နေပြီဖြစ်ကြောင်း ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။
မကွေးကြက်ခြေနီတပ်ဖွဲ့ဝင်များသည်မွန်ပြည်နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များထံမှ တာဝန်ကို လွှဲပြောင်းရယူကာ လှိုင်စင်တာ၌ တစ်လကြာ တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။
" တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကြက်ခြေနီကြီးကြပ်မှုကော်မတီ(၁၇)ခုရှိပါတယ်။ ကိုဗစ်ဖြစ်ပွားမှုများတဲ့ ရန်ကုန်တိုင်းကို ဒီအဖွဲ့တွေက အလှည့်ကျသွားရောက် တာ ဝန်ထမ်းဆောင်နေကြတာပါ။ မကွေး တိုင်း က စတုတ္ထမြောက်အဖွဲ့ ဖြစ်ပါတယ်။
ကျွန်တော်တို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များဟာ တပ်ဖွဲ့အသွင်သဏ္ဍန်ဖွဲ့စည်းပြီးဖြစ်တဲ့အတွက် စည်းကမ်းရှိမှု အမိန့်နာခံမှုရှိမှု တွေနဲ့ တာဝန်ကိုကျေပြွန်စွာ ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ် ” ဟု မကွေး တိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တိုင်းဒေသကြီးတပ်ဖွဲ့မှူး ဦးကျော်မြင့် က ပြောသည်။
ကြက်ခြေနီတပ်ဖွဲ့ဝင် အမျိုးသား (၃၁)ဦး၊ အမျိုးသမီး(၈)ဦး ဖြင့်စုဖွဲ့ထားသည့် တပ်ဖွဲ့ဝင် (၃၉)ဦးတို့သည် မကွေးမြို့မှ နိုဝင်ဘာ (၈)ရက်နေ့ညတွင် ထွက်ခွာ၍ (၉)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိသတင်းပို့ခဲ့ကြောင်း ၊ တာဝန်ထမ်းဆောင် ချိန်ပြည့်၍ မကွေးပြန်ရောက်လျင် Quarantine ဝင်ရမည်ဖြစ်ကြောင်းသိရှိရသည်။
ကြက်ခြေနီတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ပြီး၍ မကွေးတိုင်းအတွင်း နေထိုင်ရာဒေသအသီးသီးသို့ ပြန်ရောက်ချိန်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဦးလျှင် ကျပ်(၂)သိန်းစီ ထောက်ပံသွားမည် ဖြစ်ကြောင်း ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူထံက သိရှိရသည်။
ဇေယျတု( မကွေး)


