မကွေး ၁၀ ဇူလိုင်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ မကွေး တိုင်းဒေသကြီးမှ မဲဆန္ဒရှင် ၃၂သိန်းကျော် မဲပေးမည်ဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်နေ့၌ ဒေသအလိုက် ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲများ၌ မဲစာရင်းကပ်၍ ကြေငြာသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ သိရ သည်။
“ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁၈ ရက်နေ့ကို မဲစာရင်းကြေညာရမယ်လို့ ညွှန်ကြားလိုက် ပါပြီ။ မကွေးတိုင်းဒေသကြီးမှာ မဲဆန္ဒရှင်စာရင်း ပြုစုထားတာက ၃၂သိန်းကျော် ရှိပါတယ်။ မဲစာရင်းကို ပြည်သူတွေလာကြည့် တဲ့အချိန်မှာ နာမည်မပါတာ၊ အချက်အလက်တွေမှားယွင်းတာ၊ ကန့်ကွက်ရန်ရှိတာတွေကို ဆောင်ရွက်နိုင်ဖို့ ပုံစံတွေကို ရပ်/ကျေးကော်မရှင်တွေဆီ ဖြန့်ခွဲထားရှိပြီးဖြစ်ပါတယ် ”ဟု တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ ဦးစိုးထွဋ်ဦး (ဒုတိယ ညွှန်ကြားရေးမှူး)က ပြောသည်။
ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ပထမအကြိမ် မဲစာရင်းကြေညာမှုကို ၁၄ ရက်ကြာ လုပ်ဆောင်သွားမည်ဖြစ်ပြီး ရွေး ကောက်ပွဲမတိုင်မီတွင် ဒုတိယအကြိမ် ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ၊ မဲစာရင်းတွင် အမည်စာရင်းပါမှ မဲပေးခွင့်ရမည် ဖြစ်သည့်အတွက် ကိုဗစ်ကာလ၌ လူတိုင်းစေ့သွားမကြည့်ဖြစ်လျှင် အိမ်ထောင်ဦးစီးတာဝန်ရှိသူက မိသားစုများ မဲစာရင်းတွင်ပါ၊မပါ ကြည့်ပေးကြစေလိုကြောင်း တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးခင်မောင်မြင့် က ဆိုသည်။
လက်ရှိ မဲဆန္ဒရှင် ၃၂သိန်းကျော်အပြင် တပ်မတော်မိသားစုများ မဲစာရင်းပါလာပါက စာရင်းကိန်းဂဏန်းများ တိုးလာဖို့ ရှိနေကြောင်း ၊ စာရင်းများ ကောက်ယူစဉ်က အသက် ၁၈ နှစ်ပြည့်မည့်သူ စာရင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ပြုစုထားခဲ့သည့်အတွက် ရွေးကောက်ပွဲနေ့ နောက်ပိုင်း နိုဝင်ဘာ ၉ ရက်နေ့ နှင့် ဒီဇင်ဘာ ၃၁ ရက်နေ့ကြား စာရင်းများကို ပြန်လည်ဖျက်နေရကြောင်း ကော်မရှင်မှ သိရသည်။
ကိုဗစ်ကပ်ရောဂါကာလ၌ ကျန်းမာရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူများ မဲစာရင်း ကြည့်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် မဲစာရင်းနှင့်ပတ်သက်၍ မိမိတို့၏လိုလားချက်များကို ချက်ချင်းပြောဆို တောင်းခံနိုင်ကြောင်း မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။
မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲတွင်ယှဉ်ပြိုင်ကြမည့် ပါတီများထဲမှ တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ် (၅၀) ဦး ၊ အမျိုးသားလွှတ်တော် အတွက် (၁၂) ဦး ၊ ပြည်သူ့လွှတ်တော် အတွက် (၂၅) ဦး ၊ တိုင်းရင်းသားအတွက် ကိုယ်စားလှယ် (၁) ဦး စုစုပေါင်း (၈၈) နေရာအတွက် ရွေးချယ်ပေးကြရမည်ဖြစ်ကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


