ပခုက္ကူ   ဒီဇင်ဘာ   ၈

 

မကွေးတိုင်းဒေသကြီး ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ပွဲ မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ပခုက္ကူမြို့၊ ပါရမီဓမ္မရိပ်သာကျောင်းတိုက်၌ ကျင်းပသည်။

 

 

ပထမဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်သည်တော်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အဖွဲ့ဝင် ဆရာတော် မဟာဝိဇယာရာမပါဠိတက္ကသိုလ်(အရှေ့)တိုက်ကြီး၏ တိုက်အုပ်ဆရာတော် နာယကဂဏဝါစက စာချဆရာတော် ဘဒ္ဒန္တဇောတိက က အဖွင့်ဩဝါဒကထာ မိန့်ကြားတော်မူသည်။

 

 

ထို့နောက် မကွေးတိုင်းဒေသကြီး ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိလောကရာမ ပါရမီရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသက တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း သာသနာတော် ထွန်းကားပြန့်ပွားရေး လှုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် လုပ်ငန်းအတွေ့အကြုံများအား ရှင်းလင်း မိန့်ကြားခြင်းကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး သာသနာရေးမှူး ဦးသန်းစိုးက ဘုန်းတော်ကြီးသင် ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင် ဆရာတော် ရွေးချယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခြင်းကို လည်းကောင်း၊ ဆန္ဒပေးပိုင်ခွင့်ရှိသော ဆရာတော်များက  မကွေးမြို့၊ ဆားတိုင်ကန်ကျောက်တိုက် ဆရာတော် ဘဒ္ဒန္တရာဇိန္ဒအား မကွေးတိုင်းဒေသကြီး ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် အဆိုပြုထောက်ခံရွေးချယ်တော်မူကြခြင်းကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပညာရေးမှူးက ဘုန်းတော်ကြီးကျောင်းများ၏ ပညာရေးဆိုင်ရာကိစ္စရပ်များ လျှောက် ထားခြင်းကို လည်းကောင်း အသီးသီးဆောင်ရွက်ကြရာ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အဖွဲ့ဝင် ဆရာတော် သီဟိုဠ်ရှင်ဘုရားကြီးကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသောဘိတက နိဂုံးချုပ် ဩဝါဒကထာ မိန့်ကြားတော်မူသည်။

 

 

ထို့နောက် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မကွေးမြို့၊ ဆားတိုင်ကန် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တရာဇိန္ဒက ဩဝါဒကထာ မိန့်ကြားတော်မူပြီး တက်ရောက်တော် မူလာကြသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား သုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မသိင်္ဂီ ဒေါ်တင်အုန်း၊ သုဓမ္မသိင်္ဂီ ဒေါ်ဝါဝါကျော်နှင့် အလှူရှင်များက နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ပြုသမျှ ကုသိုလ်တော် များအတွက် စုပေါင်းအမျှအတန်း ပေးဝေခြင်းများ ပြုလုပ်ကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

 

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အဖွဲ့ဝင် ဆရာတော် နှစ်ပါးအပါအဝင် ပခုက္ကူ၊ အောင်လံ၊ မကွေး၊ မင်းဘူး၊ နတ်မောက်၊ သရက်၊ စလင်း၊ ပွင့်ဖြူ၊ ဆင်ပေါက်ဝဲ၊ မြို့သစ်၊ ရေနံချောင်း၊ မင်းလှ၊ ချောက်၊ ရေစကြို၊ တောင်တွင်းကြီး၊ မြိုင်၊ ပေါက်နှင့် ငဖဲ စသည့် မြို့နယ် ၁၈ မြို့နယ်မှ တစ်မြို့နယ်လျှင် မြို့နယ် ဘုန်းတော်ကြီးသင် ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင် ဆရာတော် နှစ်ပါးစီဖြင့် စုစုပေါင်း ဆရာတော်၊ သံဃာတော် အပါး ၄၀ တက်ရောက်ကြကြောင်း သိရသည်။

 

 

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)