မကွေး ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲ (စတုတ္ထပတ်)ကို ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အားကစားစိတ်ဝင်စားသည့် ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက် ဖွင့်လှစ်ပြီး စုပေါင်းလမ်းလျှောက်ပွဲ စုရပ်ဖြစ်သည့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့၊ ဗိုလ်ချုပ်လမ်းမကြီးမှ စတင်၍ ပြည်တော်သာလမ်းမကြီး၊ ထိုမှတစ်ဆင့် မကွေးမြို့ ကမ်းနားလမ်းတစ်လျှောက် တပျော်တပါး စုပေါင်း လမ်းလျှောက်ကြပြီး ကမ်းနားညဈေးတန်း၌ ကိုယ်ကာကယ ကြံ့ခိုင်မှုလေ့ကျင်ခန်း အတွဲ(၁)နှင့် အတွဲ(၂)တို့ကို တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက သရုပ်ပြသပေးခဲ့ရာ စုပေါင်းလမ်းလျှောက်ကြသူများက တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြသည်။ ထို့နောက် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲခဲ့ကြသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဗလာမပါ ကံစမ်းမဲများ မဲဖောက်ပေးခဲ့ပြီး ကောက်ညှင်းပေါင်း၊ အကြော်နှင့် သောက်ရေသန့်ဘူးများကို ဝေငှပေးခဲ့သည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီ ကောလိပ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အားကစားစိတ်ဝင်စားသည့် ပြည်သူများ စုစုပေါင်း အင်အား ၃၅၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ