မကွေး ၄ အောက်တိုဘာ
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အောက်တိုဘာ ၃ ရက်နေ့ ညထုတ်ပြန်ချက်အရ တိုင်းဒေသကြီး၌ ကိုဗစ် positive လူနာ ၇ ဦးထပ်တိုးလာပြီး ဒေသတွင်း၌ လူနာဦးရေ ၅၁ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ်မှ အသက် ၂၂ နှစ်၊ ၂၄ နှစ်၊ ၄၄ နှစ်အရွယ်များရှိသည့် အမျိုးသမီး (၃)ဦးနှင့် အသက် (၄)နှစ်အရွယ် ကလေးငယ် ကျား(၁)ဦးတို့တွင် ပိုးတွေ့ရှိခဲ့ရပြီး အောင်လံမြို့နယ်မှ အသက် (၃၁)နှစ်၊ (၃၄)နှစ်၊ (၃၉)နှစ်အရွယ်များရှိသည့် အမျိုးသား(၃)ဦးတို့တွင်လည်း ပိုးတွေ့ခဲ့ကြကြောင်း သိရသည်။
“ပိုးတွေ့လူနာအားလုံးက ရန်ကုန်ပြန်တွေပါ။ Facility Quarantine ဝင်နေသူများ ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်များမှာ ဆေးကုသမှုခံယူစေမှာ ဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်ပိုးလူနာ စတွေ့ခဲ့သည့် ဧပြီလ ၁၃ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့ညထိ ကိုဗစ်လူနာ (၅၁) ဦးရှိခဲ့ပြီး (၃၀) မှာ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်ကာ ကုသမှုခံယူဆဲလူနာ (၂၁)ဦးသာ ကျန်ရှိတော့သည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှတ်တမ်းများအရ ပိုးတွေ့သူများတွင် ကျား(၃၁) ဦး၊ မ(၂၀)ဦး ပါဝင်ပြီး အသက်အငယ်ဆုံး (၄)လမှ အသက်အကြီးဆုံး (၇၅) နှစ်ထိရှိကြောင်း၊ ပိုးတွေ့ခဲ့သူများမှာ ပြည်ပပြန် (၃) ဦး၊ ရခိုင်ပြန် (၃) ဦး၊ ရန်ကုန်ပြန် (၄၂) ဦး၊ နေပြည်တော်ပြန် (၁)ဦး၊ မြို့ပေါ်ကူးစက် (၂)ဦး တို့ဖြစ်ကြောင်း သိရသည်။
ဒေသအလိုက် မှတ်တမ်းများအရ ကိုဗစ်လူနာများမှာ မကွေးမြို့နယ် (၁၇)ဦး၊ နတ်မောက်မြို့နယ် (၅)ဦး၊ မြို့သစ်မြို့ နယ်(၃)ဦး၊ တောင်တွင်းကြီးမြို့နယ် (၃)ဦး၊ သရက်မြို့နယ် (၂)ဦး၊ အောင်လံမြို့နယ်(၅)ဦး၊ မြိုင်မြို့နယ် (၁)ဦး၊ မင်းလှမြို့နယ် (၂)ဦး၊ ပေါက်မြို့နယ် (၁)ဦး၊ ချောက်မြို့နယ် (၅)ဦး၊ ပခုက္ကူမြို့နယ် (၁)ဦး၊ ရေနံချောင်းမြို့နယ် (၁)ဦး၊ ပွင့်ဖြူမြို့နယ် (၁)ဦး၊ စလင်းမြို့နယ်(၄)ဦး စုစုပေါင်း ၅၁ ဦး ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အကြောင်းကိစ္စ အမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မကွေးတိုင်းဒေသကြီး လိပ်စာပေးထားသည့် ကိုဗစ်ပိုးတွေ့လူနာများလည်း ရှိနေကြောင်း သိရသည်။
ဇေယျတု (မကွေး)


