မကွေး ၁၈ ဇူလိုင်

မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်(၅)ခု၊ မြို့နယ်(၂၅)မြို့နယ်ရှိ လယ်ယာမြေများ၌ ၂၀၂၀ ခုနှစ် မိုးရာသီတွင် ပဲ၊ နှမ်း၊ စပါး နှင့် အခြားသီးနှံ ဧကပေါင်း(၃၁)သိန်းကျော် ပြည့်မီရန် လျာထားစိုက်ပျိုးလျက်ရှိကြောင်း မကွေးတိုင်းစိုက်ပျိုးရေး ဦးစီးဌာန မှ သိရသည်။

 

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး(၆၃၄၄၇၅)ဧက၊ အစေ့ထုတ်ပြောင်း(၂၀၉၆၂)ဧက၊ မြေပဲ(၄၈၉၃၉၀) ဧက၊ နှမ်း(၁၁၁၃၁၃၀)ဧက၊ နေကြာ(၁၃၀၇၀)ဧက၊ ပဲတီစိမ်း(၄၇၅၄၈၈)ဧက၊ ပဲစဉ်းငုံ(၁၈၄၄၄၉)ဧက၊ ဝါ(၁၉၂၂၆၁)ဧက၊ ကြံ (၁၅၀၀၈)ဧက တို့ကို လျာထားစိုက်ပျိုးနေခြင်းဖြစ်သည်။

 

“မကွေးတိုင်းမှာက နှမ်းအစိုက်များတယ်။ မိုးနှမ်းဧက ၁၁ သိန်းကျော် ရှိပါတယ်။ သူ့နောက်မှာတော့ မိုးစပါးနဲ့ ပဲအမျိုးအစားတွေဖြစ်တဲ့ မြေပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံတွေ အစိုက်များပါတယ်။ ဌာနအနေကတော့ တောင်သူတွေနဲ့ တွေ့ဆုံပြီး မိုးရွာသွန်းတဲ့ ပုံစံပြောင်းလာတဲ့အပေါ် သီးနှံတွေကို သက်တမ်းရွေးပြီး စိုက်ကြဖို့ ဆွေးနွေးနေတာတွေ လုပ်နေပါတယ် ” ဟု မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလင်းမြတ်က ပြောသည်။

 

သီးနှံမစိုက်ပျိုးမီ စိုက်ပျိုးမြေများအား ဓါတ်ခွဲနမူနာပေးပို့စမ်းသပ်၍ မြေသြဇာ စနစ်တကျအသုံးပြုရန် ၊ သီးနှံအလိုက် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရန်၊ ပိုးမွှားရောဂါကျရောက်လျှင် ကာကွယ်နှိမ်နင်းရန်၊ ရိတ်သိမ်းချိန်လွန် ကာလတွင် သီးနှံ များ စနစ်တကျထိန်းသိမ်းရန် စသည့် တောင်သူအသိပညာပေးခြင်း၊ နည်းပညာပေးခြင်း လုပ်ငန်းများကို ဌာနက လုပ်ဆောင်ခဲ့သည်ဟု မကွေးမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်မင်း က ရှင်းပြသည်။

 

မကွေးတိုင်း၏ မိုးသီးနှံစိုက်ပျိုးပြီးစီးမှုရာခိုင်နှုန်းမှာ မိုးစပါး(၂ ဒသမ ၅ ရာခိုင်နှုန်း)၊ အစေ့ထုတ်ပြောင်း(၇၆ ဒသမ ၅၇ ရာခိုင်နှုန်း)၊ မြေပဲ (၄၇ ဒသမ ၂၉ ရာခိုင်နှုန်း)၊ နှမ်း(၉၂ ဒသမ ၄၃ ရာခိုင်နှုန်း)၊ နေကြာ(၁၈ ဒသမ ၇၃ ရာခိုင်နှုန်း)၊ ပဲတီစိမ်း(၃၃ ဒသမ ၃၅ ရာခိုင်နှုန်း)၊ ပဲစဉ်းငုံ(၈၅ ဒသမ ၅၄ ရာခိုင်နှုန်း)၊ ဝါ(၄ ဒသမ ၃၆) နှင့် လျာထားချက်ထက် ပိုစိုက်သည့် ကြံသီးနှံမှာ(၁၀၉ ဒသမ ၂၀ ရာခိုင်နှုန်း)တို့ ရှိနေကြောင်း စိုက်ပျိုးရေး ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ဇေယျတု(မကွေး)