မကွေး  ၂၃  မတ်

မကွေးတိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းသုံး PPE ဝတ်စုံ ၃၀ဝ၀ ကို ဝယ်ယူထားပြီးဖြစ်ကာ ရောဂါကာကွယ်ရေးအတွက် လှူဒါန်းလိုသူများလည်း ရှိနေသဖြင့် ရန်ပုံငွေစာရင်းဖွင့်၍ အလှူခံသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးထံမှ သိရသည်။

“လောလောဆယ် မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေထဲက ၄၂၉ သိန်းသုံးပြီး ဆေးတွေ၊ PPE ဝတ်စုံတွေ ဝယ်ထားတယ်။ PPE ဝတ်စုံ အစုံ သုံးထောင် သိန်း ၂၀ဝ ကျော်ဖိုး ဝယ်ပေးတဲ့အထဲမှာ ပါတယ်။ မကွေးမြို့ လုပ်ငန်းရှင်အဖွဲ့တွေကလည်း ကာကွယ်ရေး လုပ်ငန်းတွေအတွက်  လှူမယ်လို့ သတင်းပို့ထားပါတယ်။ အဲဒါကြောင့် တိုင်းဒေသကြီးအစိုးရအနေနဲ့ ရန်ပုံငွေစာရင်းဖွင့်ပြီး အလှူခံပါမယ်။ မြို့နယ်တွေက ကိုယ့်မြို့နယ်ဆေးရုံကိုပဲ လှူချင်တယ်ဆိုရင်လည်း ခွင့်ပြုထားပါတယ်” ဟု တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး က ပြောသည်။

မကွေးတိုင်းတွင် ခုတင်(၁၀ဝ)၊ ခုတင်(၂၀ဝ)နှင့် မြို့နယ်၊ တိုက်နယ်ဆေးရုံပေါင်း ၉၈ ရုံရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ယခင်ဖြန့်ဝေထားသော PPE ဝတ်စုံများနှင့် တိုင်းဒေသကြီးအစိုးရမှဝယ်ယူထားသည့် ဝတ်စုံများ ပေါင်းပါက မြို့နယ်အဆင့် ဆေးရုံများတွင် PPE ဝတ်စုံ ၅၀ မှ ၂၀ဝ အတွင်း ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းထံမှ သိရသည်။ 

“ PPE ဝတ်စုံက ဆေးရုံတစ်ရုံကို ၃၀၊ ၄၀ အဲဒီလောက်ပဲ ရှိကြတာပေါ့။ တစ်ကယ်လိုပြီဆိုရင် တိုက်နယ်ဆေးရုံဆိုရင် တစ်နေ့ကို အနည်းဆုံး (၃)စုံလောက်လိုမယ်။ ခရိုင်ဆေးရုံဆိုရင် ၉ စုံ၊ ၁၀ စုံလောက်လိုမယ်။ တိုင်းဆေးရုံဆိုရင်လည်း ပိုလိုအပ်မှာပေါ့။ တစ်ကယ်တမ်းဖြစ်လာပြီဆုရင် ၁၄ ရက်ဆိုရင်ကိုပဲ အစုံ တစ်ရာ့လေးငါးဆယ် လိုမှာလေ။ နဂိုရှိတာက အစုံ ၂၀၊ ၃၀ နဲ့ အခုထပ်ပေးမှာက အစုံ ၁၀ဝ လောက်နဲ့ဆိုရင်တော့ နှစ်ပတ်စာလောက်တော့ ကာမိမှာပါ” ဟု တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး က ပြောသည်။          

PPE ဝတ်စုံတန်ဖိုးမှာ ငွေကျပ် ၇၀ဝဝ ကျော်တန်မှ လေးသောင်း၊ ရှစ်သောင်း၊ တစ်သိန်းကျော်တန်များအထိ အရည်အသွေးအလိုက် ကွာခြားမှုများရှိပြီး ယခုဖြန့်ဝေထားသည့် ဝတ်စုံများမှာ တန်ဖိုး ၉၀ဝဝ ကျော်တန်ဖြစ်ကြောင်း၊ ဆရာဝန်များ၊ သူနာပြုဆရာ၊ ဆရာမများအတွက် PPE နှင့် Mask မှာ မရှိ၍မဖြစ်၍ သင့်တော်သော ဝတ်စုံများဝယ်ပေးချင်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး က ပြောသည်။

မကွေးမြို့မှ လုပ်ငန်းရှင် ဦးကျော်ဝင်း၊ ဒေါ်ချိုချို (ထိန်ထိန်သာ) မိသားစုက တိုင်းအစိုးရအဖွဲ့ထံ ငွေကျပ်သိန်း ၅၀၊ လူမှုရေးအဖွဲ့များထံ ငွေကျပ် ၅ သိန်း လှူဒါန်းသွားရန် လုပ်ဆောင်နေပြီး မတ် ၂၂ ရက်နေ့မနက်ပိုင်းက မကွေးအခြေစိုက် သတင်းမီဒီယာများအတွက် လုပ်ငန်းသုံး အကာအကွယ်ပစ္စည်းများဝယ်ရန် ငွေကျပ် ၅ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ဇေယျတု(မကွေး)