လွိုင်ကော် ၁ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသော အထင်ကရနေရာများ ဖြစ်သော တောင်ကွဲစေတီတော်၊ ထီးစဲခါးရေတံခွန်၊ ဒီးမော့ဆိုမြို့နယ်ရှိ ပန်ပက်ကျေးရွာနှင့် ငွေတောင်ဆည်တို့အား လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ကယားပြည်နယ် ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာသို့ သွားရောက်ကာ ကယန်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ ရိုးရာအရောင်းဆိုင်များကို လေ့လာခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များသည် ငွေတောင်ဆည်သို့ ရောက်ရှိပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ငွေတောင်ဆည်နှင့် စပ်လျဉ်း၍ ရေသိုလှောင်ထားရှိမှု၊ လယ်မြေအတွင်း ရေပေးဝေမှုနှင့် ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ လွိုင်ကော်မြို့ သီရီမင်္ဂလာတောင်တော် (တောင်ကွဲစေတီတော်)သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး စေတီတော်အတွက် ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်နိုင်ရန် အလှူငွေ ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် အဖွဲ့သည် ထီးစဲခါးရေတံခွန်သို့ ဆက်လက်သွားရောက် လေ့လာခဲ့သည်။
ကယားပြည်နယ်သည် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြင့် အကောင်အထည်ဖော် ဆောင်ရွက် နေသော ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ နှစ်စဉ်အမျှ လာရောက်လည်ပတ်လျက် ရှိကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


