မကွေး၊ ၃၁ ဒီဇင်ဘာ    

မကွေးတိုင်းဒေသကြီးတွင် ၂၀၂၀ ပြည့်နှစ်တွင်း ဒီဇင်ဘာ ၂၉ ရက်နေ့အထိ မီးလောင်ကျွမ်းမှု (၂၁၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ်သန်း(၁၉၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက သိရသည်။

“မီးလောင်ကျွမ်းမှုတွေကြောင့် အိမ်ခြေ(၂၆၈)လုံး၊ စက်ရုံအလုပ်ရုံ(၃)ခု မီးလောင်ဆုံးရှုံးခဲ့ပြီး လူ (၅)ဦး သေဆုံးကာ(၁၂)ဦး ဒဏ်ရာရရှိခဲ့တာပါ၊ အဲဒီလို မီးလောင်ကျွမ်းရတာဟာ မီးပေါ့ဆမှုကြောင့် ဖြစ်ပွားတာ အများဆုံးဖြစ်ပြီး၊ မီးလောင်မှုတွေကတော့ ပေါ့ဆမီး(၈၄)ကြိမ်၊ မီးဖိုမီး(၃၃)ကြိမ်၊ လျှပ်စစ်မီး အကြိမ်(၃၀)၊မသမာသူ ရှို့မီး(၃၄)ကြိမ်၊ တောမီး(၂၉)ကြိမ်၊ အလိုလျောက်မီး (၁)ကြိမ်နဲ့ မိုးကြိုးမီး(၂) ကြိမ် တို့ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့(၂၀၁၉)ခုနှစ်မှာ မီးလောင်ကျွမ်းမှု (၂၄၄)ကြိမ် ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ (၂၁၃) ကြိမ်ဖြစ်ပွားခဲ့တာပါ၊ အကြိမ်(၃၀)ကျော် လျော့ကျခဲ့တဲ့အတွက် ဆုံးရှုံးမှုတန်ဖိုးလည်း ကျပ်(၇၂.၃၄) သန်းထိ လျော့ကျခဲ့ပါတယ်၊ မီးလောင်ကျွမ်းမှုအကြိမ်တွေ၊ ဆုံးရှုံးမှုတန်ဖိုးတွေ လျော့ကျတာက ကောင်းတဲ့ အလားအလာတွေပါ”ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးလှိုင်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်(၅)ခရိုင်ဖြစ်သည့် မကွေးခရိုင်တွင်(၆၆)ကြိမ်၊ ပခုက္ကူခရိုင် မှာ(၇၆)ကြိမ်၊သရက်ခရိုင်(၄၂)ကြိမ်၊ မင်းဘူးခရိုင်တွင်(၂၄)ကြိမ်နှင့်် ဂန်ဂေါခရိုင်မှာ(၅)ကြိမ် မီးလောင် ကျွမ်းခဲ့ပြီး ပခုက္ကူခရိုင်တွင် အများဆုံးလောင်ကျွမ်းခဲ့ကြောင်းနှင့် မကွေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် (၁၀)နှစ်တာ ကာလအတွင်း မီးလောင်ကျွမ်းမှု(၁၅၄၂)ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်(၃၉၉၃)လုံး၊ ဂိုဒေါင် (၃၃)လုံး မီးလောင်ကျွမ်းကာ သေဆုံးသူ (၆၂)ဦးနှင့် ဒဏ်ရာရသူ(၁၄၁)ဦး ရှိခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက မှတ်တမ်းများအရ သိရသည်။

မကွေးမြို့တွင် မီးလောင်မှုဆိုင်ရာအခြေအနေများကို ၂၄ နာရီစောင့်ကြည့်မည့် Command and Control စင်တာတစ်ခု လုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါလုပ်ငန်းစဉ်တွင် e-Watching Tower System ဖြစ်သည့် မြို့၏ အထပ်မြင့် အဆောက်အဦ ပေါ်မှ Longe Range CCTV ကင်မရာများ တပ်ဆင်စောင့်ကြည့်ခြင်း၊ Vehicle Tracking System မီးသတ်ယာဉ်များတွင် တပ်ဆင်ထားသော IP ကင်မရာများမှ တစ်ဆင့် မီးသတ်ယာဉ်၏ အမြန်နှုန်း၊ တည်နေရာများကို ကြီးကြပ်ကွပ်ကဲခြင်း၊ မီးသတ်ယာဉ်များရှိ  IP Camera System  များမှ တစ်ဆင့် မီးလောင်မှုကို တိုက်ရိုက်ကြည့်ရှုကွပ်ကဲခြင်း၊ 4G LTE စနစ်သုံး စကားပြော စက်များဖြင့် မည်သည့် နေရာမဆို ဆက်သွယ်မှု ရယူ၍ ကြီးကြပ်ကွပ်ကဲခြင်း၊ မီးသတ်ဦးစီးဌာန၏ ရုံးလုပ်ငန်းများကို Digital စနစ်ဖြင့် လုပ်ဆောင်ခြင်းစသည့် စနစ်များပါဝင်ကြောင်း သိရသည်။                 

သန်းနိုင်ဦး(ငဖဲ)