မကွေး ၂၅ ဩဂုတ်
မကွေးတိုင်းဒေသကြီး၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၂၁ ရက်အတွင်း သက်ငယ်မုဒိမ်း (၃၈)မှု ၊ သက်ကြီး (၁၉)မှု စုစုပေါင်းမုဒိမ်းမှု(၅၇)မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို အရေးယူထားကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ပြစ်မှုကျူးလွန်သူများ၏ အသက်အရွယ်မှာ အသက်(၁၈) နှစ်မှ (၅၀)နှစ်အတွင်း အများဆုံးဖြစ်ပြီး အသက်(၁၆)နှစ် အောက် (၁)ဦး၊ အသက်(၁၈)နှစ်အောက်(၅)ဦး၊ အသက်(၅၀)နှစ်အထက် (၂)ဦး ပါဝင်ကြောင်း၊ ကျူးလွန်သူများတွင် ကျောင်းသား (၁)ဦး၊ သံဃာ(၁)ပါး ပါဝင်ပြီး ကျန်သူများမှာ အရပ်သားများဖြစ်ကြောင်း သိရသည်။
ကလေးသူငယ်များအား သူစိမ်းအများစုက ကျူးလွန်ခဲ့ပြီး ယင်းတို့ထဲတွင် ပထွေးတော်စပ်သူ (၂)ဦး၊ ဆွေမျိုး (၅)ဦး ပါဝင်ကြောင်း၊ အနေနီးခြင်းကြောင့် မုဒိမ်းမှု(၆)မှု၊ ယုံကြည်မှုလွန်ကဲခြင်းကြောင့် (၄)မှု၊ အမွေကိစ္စကြောင့် (၃)မှု၊ အဖော်မဲ့နေခြင်းကြောင့် (၃)မှု၊ ဖြားယောင်းခံရ၍ (၂၂)မှု ကျူးလွန်ခံရသည်ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။
သက်ကြီးမုဒိမ်းမှု(၁၉)မှုတွင် မုဒိမ်းအဖြစ် သီးသန့်ကျူးလွန်သည်ကို မတွေ့ရဘဲ ပတ်သက်ရာပတ်သက်ကြောင်း ကျူးလွန်ခဲ့ပြီးမှ လူသိသွားခြင်း၊ အခြားပြဿနာဖြစ်လာသည့်အခါမှ ရဲစခန်းသို့ အမှုဖွင့်ခြင်း စသည့် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်ထံမှ သိရသည်။
ဇေယျတု(မကွေး)