မကွေး  ၁၈  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီးတွင် အသက်(၆၀) နှစ် နှင့် အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၅)သိန်းကျော် ရှိကြောင်း မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရသည်။

 

အသက်အရွယ်ကြီးရင့်သူများအတွက် ကြိုတင်ဆန္ဒမဲပေးရမည့် ကာလကို အောက်တိုဘာ (၂၅) ရက်မှ နိုဝင်ဘာ ၅ ရက်အထိ သတ်မှတ်ထားသည်။

 

" Stay At Home ကြေညာခံထားရတဲ့ရပ်ကွက်၊မြို့နယ်တွေ ၊ လူဦးရေထူထပ်တဲ့မြို့နယ်တွေ ၊ တစ်စတုရန်း ကီလိုမီတာမှာ ပျမ်းမျှလူဦးရေ ၅၀ဝ၀  နဲ့အထက် နေထိုင်တဲ့ နေရာတွေက အသက်(၆၀)နဲ့ အထက် သက်ကြီးရွယ်အို တွေကို ရွေးကောက်ပွဲကော်မရှင်က အိမ်အရောက်သွားပြီး ဆန္ဒမဲ ကောက်ခံပေးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ နေရာတွေမှာ ရှိနေတဲ့အသက်(၆၀)နဲ့အထက် အသက်ရွယ်ကြီး ရင့်သူတွေကတော့ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်တွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ ကိုယ်တိုင်သွားရောက်ပြီး ကြိုတင်ဆန္ဒမဲ ပေးရမှာပါ '' ဟု တိုင်းကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦး က ပြောသည်။

 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်ရှင်ရွေးကောက်ပွဲဥပဒေ (၄၉) ၊ နည်းဥပဒေ ၅၁ တို့အရ အသက်အရွယ်ကြီး ရင့်နေသူများ ကြိုတင်မဲလက်မှတ်ဖြင့် ဆန္ဒမဲပေးခွင့်ရရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲ လေ့လာသူများကို ဖိတ်ကြား ဆောင်ရွက်သွားမည်ဖြစ်သည်။

 

မကွေးတိုင်းဒေသကြီးတွင် မဲဆန္ဒရှင် ဦး ရေ ၃၂သိန်း၇သောင်းကျော်ရှိပြီး အသက်အရွယ်ကြီးရင့်သူ (၅)သိန်းကျော်ကြိုတင်မဲပေးခွင့်ရခြင်းကြောင့် ကိုဗစ် ကပ်ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်ရာ ရောက် ကြောင်း မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက သိရသည်။

 

ဇေယျတု ( မကွေး)