မကွေး ၂၂ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီးအတွင်းတွင် ယခုနှစ်ဆောင်းရာသီ၌ ကြားသီးနှံအဖြစ် ချည်မျှင်ရှည်ဝါမျိုးကို စိုက်ဧက (၁၂၀ဝဝဝ)ကျော်အထိ အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် မျိုးကောင်းမျိုးသန့် ထိန်းသိမ်းဝယ်ယူရေးအပိုင်းတွင် ဝါသီးနှံကို အဓိကထား ဆောင်ရွက်ခဲ့ပြီး ဝယ်ယူခဲ့သော ဝါဂွမ်းများမှ ဝါမျိုးစေ့များထုတ်၍ ဝါမျိုးသန့်များကို ပြန်လည် အသုံးချနိုင်အောင် စီမံဆောင်ရွက်ထားရှိကြောင်းနှင့် ယခင်က ရပ်ဆိုင်းထားခဲ့သော မကွေးတိုင်းဒေသကြီး၊ စကုမြို့မှ ဝါစက်ရုံအား မျိုးစေ့ထုတ်လုပ်ငန်းအတွက် ပြန်လည်လည်ပတ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် မိုးရာသီကာလတွင် ချည်မျှင်ရှည်ဝါအား စိုက်ဧက(၂၀၃၂၉) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် (၃၄၂.၅၉)ပိဿာနှုန်း ထွက်ရှိခဲ့သောကြောင့် ယခင်က ကြားကာလ ဆောင်းရာသီတွင် တောင်သူများမှာ ကုလားပဲ၊ နေကြာများ စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် အထွက်နှုန်း ကောင်း၍ ဝင်ငွေကောင်းသည့် ဝါသီးနှံကို ပိုမိုစိုက်ပျိုးလာကြကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
“ရာသီဥတုစိန်ခေါ်မှုကို ရင်ဆိုင်နိုင်လို့ နွေနှမ်း၊ နွေပဲဒီစိမ်းစိုက်မယ့် နေရာမှာ ဝင်ငွေပိုသေချာတဲ့ ဝါသီးနှံကို (၄)ဧကလောက် စိုက်ထားပါတယ်၊ လက်ရှိဝါတစ်ပိသာကို (၁၄၀ဝ-၁၅၀ဝ)ကျပ်ခန့် ပေါက်ဈေးရှိတော့ ဝါစိုက်တောင်သူတွေ အဆင်ပြေမယ်ထင်တယ်”ဟုမင်းဘူး (စကု)မြို့နယ် ဝါစိုက် တောင်သူ ဦးဝင်းမှ ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူခရိုင်တွင် (၃၁၂၅)ဧက၊ ဂန့်ဂေါခရိုင်တွင် (၄၀၃၄)ဧက၊ မကွေးခရိုင်တွင် (၆၃၅၂၈)ဧက၊ မင်းဘူးခရိုင်တွင် (၈၉၁၆)ဧက၊ သရက်ခရိုင်တွင် (၄၃၃၂၅)ဧက၊ စုစုပေါင်း (၁၂၂၉၂၈)ဧက ချည်မျှင်ရှည်ဝါများ စိုက်ပျိုးနိုင်ခဲ့ကြောင်း မကွေးတိုင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မေသူလွင်(မကွေး)