မကွေး ၃၁ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) သို့ သက်တမ်းလွန်ဆေးဝါးများ လာရောက်အပ်နှံမှုများရှိကြောင်း မကွေးတိုင်းဒေသကြီး FDA တိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးထံမှ သိရသည်။

 

3454

 

“သက်တမ်းလွန်ဆေးတွေ ကျွန်တော်တို့သိမ်းဆည်းရတာက အပ်နှံတာရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိပါတယ်။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဆေးဆိုင်တွေမှ သူတို့သဘောနဲ့သူတို့ လာအပ်တာ။ သက်တမ်းတွေလွန်နေပါပြီ။ ဖျက်ဆီးဖို့ လိုပါပြီ။ FDA က ဦးဆောင်ပြီး ဖျက်ဆီးပေးပါဆိုပြီး လာအပ်တဲ့ပစ္စည်းတွေ ဖြစ်ပါတယ်” ဟု ဒေါက်တာပြည့်ထူးက ပြောသည်။   

ဆေးဆိုင်များတွင် ယခင်က ဆေးဝါးများသက်တမ်းလွန်လာပါက ဖွင့်ဖောက်၍ အိတ်များတွင်ထည့်ပြီး နယ်များကိုဖြန့်သည့် အလေ့အထများ ရှိခဲ့သော်လည်း အသိပညာပေးမှုနဲ့ စစ်ဆေးမှုများ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် လုပ်ငန်းရှင်များဘက်မှ ပူးပေါင်းပါဝင်လာနေခြင်း ဖြစ်သည်။

FDA အနေဖြင့် ဓာတ်ခွဲခန်းပါသော မော်တော်ယာဉ်ကို အသုံးပြု၍ မြို့နယ်အသီးသီးရှိ ဈေးများကို အစားအသောက်ဆိုင်ရာ ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး ဆေးဆိုင်များတွင် တားမြစ်ဆေးဝါးနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိကို ကြိုတင်အသိပေးထားခြင်းမရှိဘဲ စစ်ဆေးကြပ်မတ်လျက်ရှိသည်။ 

အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများ ပူးပေါင်း၍ ဈေးကွက်အတွင်းရှိနေသေးသည့် သက်တမ်းလွန်ကာ စားသုံးရန်မသင့်သည့် အစားအသောက်နှင့် ဆေးဝါးများ လျော့ကျသွားအောင် ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာပြည့်ထူးက ပြောသည်။

ဇေယျတု(မကွေး)