မကွေး သြဂုတ် ၂၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း မကွေးမြို့၊ အောင်မေတ္တာ ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ အခြေခံစားသောက်ကုန် လေးမျိုးနှင့် နှာခေါင်းစည်း (Mask)များ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝင်ငွေနည်း အိမ်ထောင်စုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းနှင့်အတူ တာဝန်ရှိသူများ လိုက်ပါကာ မကွေးမြို့၊ အောင် မေတ္တာ(က၊ ခ၊ ဂ၊ ဃ) ရပ်ကွက်တို့မှ စားသောက်ရေး အခက်အခဲ ဖြစ်ပေါ်နေသည့် အခြေခံ လူတန်းစား အိမ်ထောင်စု ၆၀၀ အတွက် တစ်အိမ်ထောင်လျှင် ဆန် လေးပြည်၊ ကြက်သွန် နှစ်ပိဿာ၊ ကြက်ဥ အလုံး ၂၀၊ ခေါက်ဆွဲခြောက် ငါးထုပ်နှင့် Mask ၁၀ ခု တို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
မောင်ညီညာ(မကွေး)


