ပွင့်ဖြူ  ၁၅ ဇန်နဝါရီ  

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာတွင် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဆောင်ရွက်ပြီးစီးခဲ့သည့် လျှပ်စစ်ဗို့အား မြှင့်တင်ခြင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ အဆင့်တိုးမြှင့်ခွင့်ရရှိခြင်း၊ ကုန်ထုတ်လမ်းတံတား တည်ဆောက်ခြင်း၊ ကျေးလက်ဆေးပေးခန်း တည်ဆောက်ခြင်း၊ စာကြည့်တိုက် အဆောက်အအုံ တည်ဆောက်ပြီးစီးခြင်း အထိမ်းအမှတ် ကျေးရွာဖွံ့ဖြိုးရေးအောင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်သည်။

 

3229

 

ရှေးဦးစွာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း အောင်ပွဲဆိုင်းဘုတ်အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီး ဒုတိယလျှပ်စစ်အင်ဂျင်နီယာချုပ် ဦးထောင်ဇိုခိုင်၊ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ 

 

3241

 

ဆက်လက်၍ အခမ်းအနားကို အခြေခံပညာအလယ်တန်းကျောင်းခွဲ စာသင်ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ကျေးလက်နေပြည်သူများ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ဘဏ္ဍာနှစ်အလိုက် ပြည်သူ့အခွန်ဘဏ္ဍာငွေဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ ကျေးလက်နေ ပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကြိုးစားလုပ်ကိုင်သွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်းက နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများ အတူတကွ ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ကျေးရွာတွင်း မှုခင်းဖြစ်ပွားမှုများ မရှိအောင် နေထိုင်သွားကြရန် ရှင်းလင်းပြောကြားပြီး  တိုင်းဒေသကြီး ဒုတိယလျှပ်စစ်အင်ဂျင်နီယာချုပ် ဦးထောင်ဇိုခိုင်က ကျေးလက်နေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး လျှပ်စစ်မီးအသုံးပြုရာတွင် သတိပြုလိုက်နာရမည့် လျှပ်စစ်အန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

ထို့နောက် လက်ပနွယ်ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီ ဦးမြဝင်းက ကျေးရွာဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် လျှပ်စစ်ဗို့အားမြှင့်တင်ခြင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ အဆင့်တိုးမြှင့်ခွင့် ရရှိခြင်း၊ ကုန်ထုတ်လမ်းတံတား တည်ဆောက်ခြင်း၊ ကျေးလက်ဆေးပေးခန်း တည်ဆောက်ခြင်းနှင့် စာကြည့်တိုက် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားကာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီ နာယက ဦးဝင်းမောင်က လက်ပနွယ်ကျေးရွာ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ဒေသခံရပ်မိရပ်ဖများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


 
ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လျှပ်စစ်မီး အဆင်ပြေစွာ သုံးစွဲနိုင်ရေး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၁၁ ကေဗွီ ဓာတ်အားလိုင်း အရှည်ပေ ၁၅၀ဝ နှင့် ၁၀ဝ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ပေးခြင်း၊ ကျေးရွာမှ ကျောင်းနေအရွယ်ကလေးငယ်များ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် အလယ်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ခွင့်ရရှိခြင်း၊ အနီးကပ်ကျန်းမာရေး ပြုစုစောင့်ရှောက်နိုင်ရေးအတွက် ကျေးလက်ဆေးပေးခန်း တည်ဆောက်ပေးခြင်း၊ အရှည်ပေ ၃၀၊ အကျယ် ၁၆ ပေရှိ ကုန်ထုတ်တံတား တည်ဆောက်ပေးခြင်းနှင့် ကျေးလက်နေပြည်သူများ စာပေဗဟုသုတ တိုးပွားစေရေး အလျား ၂၅ ပေ၊ အနံ ၂၀ ပေရှိ ကျေးရွာစာကြည့်တိုက် အဆောက်အအုံ တည်ဆောက်ပေးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ ကျေးလက်နေ ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှ ကျေးရွာဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများစွာကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သဖြင့် ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း အဆိုပါ လက်ပနွယ်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမင်းမင်းခက်ထံမှ  သိရသည်။

  

ရဲဝင်းနိုင် (ညောင်ဦး)