ချောက် ၅ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သော စွယ်ပေါက္ကံကျေးရွာအုပ်စု၊ ထန်းခြောက်ပင်ကျေးရွာ အဝီစိစက်ရေတွင်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၄ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးတို့က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က အဝီစိစက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေပေးရေး ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အဝီစိစက်ရေတွင်းဖွင့်ပွဲမုခ်ဦးကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဝင်း၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထန်းခြောက်ပင်ကျေးရွာ သောက်သုံးရေရရှိရေးလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ် ၃၇ ဒသမ ၈၅ သန်းဖြင့် အနက်ပေ ၁၃၅၀ ခန့် စက်ရေတွင်းတူးဖော်ခြင်း၊ အမြင့်ပေ ၂၀ ရှိ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ပါဝါမီတာ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်