ပွင့်ဖြူ၊ ၁၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဝန်ကြီးချုပ်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာနေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၅၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာတွင်းမြေသားလမ်း အရှည်ပေ ၂၃၀၀ အား အကျယ် ၁၈ ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်း ၅၀ ရာခိုင်နှုန်း ခင်းကျင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာလမ်းကော်မတီအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများကို တွေ့ဆုံ၍ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ဒေသခံပြည်သူလူထု ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် လုပ်ငန်းအရည်အသွေး ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဆောင်ရွက်ပြီးစီးပါက ရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု၊ အနောက်အင်းကုန်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၂၁ သန်းဖြင့် ကျေးရွာနေပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ကျေးရွာတွင်းလမ်း အရှည်ပေ ၉၄၂၅ ပေအား လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီစဉ်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဟန်ချက်ညီစွာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ၏ အရှေ့ပိုင်းရှိ အိမ်ထောင်စု ၂၅၀ အတွက် ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရေးအတွက် ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၉၉)သန်းဖြင့် ကျေးရွာအနီးရှိ မြောက်မုန်းမြောင်းမကြီးတွင် အရှည်ပေ ၇၅ ပေအား လမ်းအကျယ် ၁၄ ပေရှိ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က လက်ရှိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီတည်ဆောက်ပြီးစီးရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ဝန်ကြီးချုပ်က ကျေးလက်နေပြည်သူများ မြို့ပြနှင့် ကျေးလက် ရာသီမရွေး အဆင်ပြေချောမွေ့စွာ ကူးလူးဖြတ်သန်း သွားလာနိုင်ရေးအတွက် ကွန်ကရစ်တံတားအား လုပ်ငန်းအရည်အသွေး ပြည့်မီရေး အလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


