ပွင့်ဖြူ   ၂၁ မေ    

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊  လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ မေ ၂၀ ရက် ၊ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့သို့ ရောက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် နေရေးထိုင်ရေး အဆင်ပြေစေရန် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံ ဆောက်လုပ်ပေးနိုင်ရေး မြေနေရာရွေးချယ်ထားမှုအခြေအနေအား လာရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ်အတွင်း နေရပ်အသီးသီးမှ တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာ ဝန်ထမ်းများ နေရေးထိုင်ရေး အဆင်ပြေစေရေးအတွက် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ ဆောက်လုပ်ရန် မြေနေရာရွေးချယ်ထားရှိသည့် ပွင့်ဖြူမြို့နယ် စံပြကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း ၊ အမှတ်(၄)ချည်မျှင်နှင့် အထည် စက်ရုံဝန်းအတွင်း မြေကွက်လပ်နှင့် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအနီး စိုက်ပျိုးရေးဦးစီးဌာနပိုင် မျိုးစေ့ သိုလှောင်ရုံ ဝန်းအတွင်းရှိ မြေကွက်လပ်များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မြေနေရာ ရွေးချယ်ထားရှိမှုများနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြခဲ့ကြသည်။  ထို့နောက် ဝန်ကြီးချုပ်က တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံ အမြန်ဆုံး ဆောက်လုပ်သွားနိုင်ရေး ကြိုတင်ဆောင်ရွက်ထား ရှိရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စုဘတ်ဂျတ် ၄၈ ဒသမ ၆၁ ကျပ်သန်းဖြင့် ဆန်းသစ်အောင်လှိုင် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသစ် အဆောက်အဦ အလျား ၄၂ ပေ ၊ အနံ ၅၈ ပေ ၊ အမြင့် ၁၂ ပေ အာရ်စီတစ်ထပ် တည်ဆောက်နေမှုအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ပြီးစီးရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ တိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦး ၊ တိုင်းဒေသကြီး  လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး ၊ ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး )