မကွေး ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့ ကမ်းနားလမ်းရှိ We Love Magway ကျောက်သားပန်းခြံအနီး ဧရာဝတီမြစ်ကမ်းနံဘေး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် ဇနီး၊ နယ်မြေခံတပ်နယ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဇီဝိတဒါန ဘေးမဲ့ငါးလွှတ်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ နယ်မြေခံတပ်နယ်မှတာဝန်ရှိသူ များ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပြည်သူများက ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၁၀၀၀၀၊ ရွှေဝါငါးသားပေါက်ကောင်ရေ ၂၀၀၀၀၊ ငါးခုံးမငါးသားပေါက်ကောင်ရေ ၂၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၅၀၀၀၀ ကို ဇီဝိတဒါန (အဘယဒါန) ဧရာဝတီမြစ်အတွင်း လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


