ပွင့်ဖြူ ၈ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၈ ရက် ၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် အလုပ်အကိုင်နှင့် စီးပွားရေးထိခိုက် ဆုံးရှုံးမှုများအပေါ် ပြန်လည်တုံ့ပြန် ကုစားပေးရေး အစီအစဉ်ဖြင့် ယခုလို ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ ရရှိရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) လုပ်ငန်းနှင့် Cash For Work စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထိုသို့ စီမံကိန်းလုပ်ငန်းများကို ဖော်ဆောင်ရာတွင် စီမံကိန်းဝင်ကျေးရွာများမှ လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များနှင့် ဒေသခံ ပြည်သူများအနေဖြင့် မိမိတို့ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းလုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်သွားကြ စေလိုကြောင်း ရှင်းလင်းဆွေးနွေးမှာကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော် က ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားနိုင်ရေး သိရှိလိုက်နာရမည့် စီမံကိန်းမူဘောင်များနှင့် စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရေးအတွက် စီမံကိန်းဝင်ကျေးရွာ (၁၁) ရွာမှ ကော်မတီဝင်များထံ စီမံကိန်း ရန်ပုံငွေများကို အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးသည့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို ပွင့်ဖြူမြို့နယ် ဉယျာဉ်ကျစ်ကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာအုပ်စု၊ ညောင်ပင်ရွာကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာအုပ်စု၊ ကုလားဟောင်းကျေးရွာအုပ်စု၊ ရွှေလှေ ကျေးရွာအုပ်စု၊ မုန်းမြင့်ကျေးရွာအုပ်စု၊ ကုန်းဇောင်းကျေးရွာအုပ်စု တို့မှ တောင်သူ (၅၂) ဦးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)များကို လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်း ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၀၄ ဒသမ ၅၂၈ သန်းဖြင့် ကျော်သာ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေသည့် အလျား ၁၀၀ ပေ ၊ အနံ ၄၀ ပေ ၊ အာရ်စီတစ်ထပ် အစည်းအဝေး ခန်းမဆောင် တည်ဆောက်နေမှုများနှင့် ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )