ရေနံချောင်း ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ခံစားနေရသူများနှင့် အခြားလူနာများ အတွက် အောက်ဆီဂျင်လိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က Oxygen Plant စက်ရုံတည်ဆောက်နိုင်ရန် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးတို့က အဖွင့်အမှာစကားပြောကြားပြီး ရေနံချောင်းမြို့နယ် Oxygen Plant စက်ရုံဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ယဉ်ထွေးမင်းက Oxygen Plant စက်ရုံ တည်ဆောက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က Oxygen Plant စက်ရုံ တည်ဆောက်ရန်အတွက် အလှူငွေကျပ် သိန်း ၅၀၀ ကို ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့် မြို့မိမြို့ဖဦးသန်းဝင်းတို့က လက်ခံရယူကြသည်။
ရေနံချောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါခံစားနေရသူများနှင့် အခြားလူနားများ၏ အောက်စီဂျင် လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရပ်ဝေးရပ်နီးမှ အလှူရှင်စေတနာရှင်များ လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၁၀၀၀ နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၅၀၀ ဖြင့် တစ်ရက်လျှင် လီတာ ၄၀ အလုံး ၈၀ ထွက်ရှိမည့် Oxygen Plant စက်ရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အောက်စီဂျင်ထုတ်လုပ်စက်အား စင်ကာပူနိုင်ငံမှ မှာယူထားပြီးဖြစ်ကြောင်းနှင့် မြေနေရာကို စက်မှုဇုန်ရပ်၊ ဆိပ်သာကွန်းထောက်ရပ်နှင့် သစ်တပွေရပ် တို့တွင် လျာထားပြီး မြေနေရာရွေးချယ်ပြီးပါက လုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် Oxygen Plant စက်ရုံတည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ယဉ်ထွေးမင်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


