တောင်တွင်းကြီး မေ ၁

 

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ သီရီရပ်ကွက်ရှိ လောကတက္ကသိုလ်စာကြည့်တိုက် တည်ဆောက်ထားရှိမှု အခြေအနေများအား ကြည့်ရှုပြီး စာကြည့်တိုက် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများဆောင်ရွက်ရန်အတွက် တောင်တွင်းကြီးမြို့နယ်၊ သီရိရပ်ကွက်ရှိ လောကတက္ကသိုလ်စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်စာစောင်များအား ပေးအပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ် အမှတ်(၇)၊ စစ်အခြေခံ လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းတက်ရောက်နေသည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းသားများအား တွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် မြင့်ကျော်ထွန်းတို့က အသီးသီး အားပေးစကားပြောကြားကာ သင်တန်းသားများအတွက် ထောက်ပံ့ငွေများပေးအပ်ပြီး သင်တန်းသားများ နေ့လယ်စာသုံးဆောင်နေမှုကို လှည်လည်ကြည့်ရှု အားပေးခဲ့သည်။

 

ထို့နောက် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်၊ ငှက်ပစ်တောင်ကျောင်းတိုက်တွင် ဖွင့်လှစ်ထားသည့် ငှက်ပစ်တောင် ကျောက်ကပ်သွေးသန့်စင် စင်တာသို့ ရောက်ရှိ၍ ဆေးကုသမှုခံယူနေသည့် လူနာများအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ရန်နောင်စိုး(ပြန်/ဆက်)