မြို့သစ် ဇူလိုင် ၉

 

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး လိုက်ပါ၍ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၇ ရက် နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ ပုလင်းကြီးကျေးရွာအုပ်စု၊ သီးပင်ကျေးရွာရှိ ကွင်းအမှတ် (၁၃၀၄)၊ တောင်သူ ဦးဇော်မိုးခိုင်၏ လယ်မြေသုံးဧကတွင် မျိုးစေ့ချကိရိယာဖြင့် ဆာဖိုးသာစပါး တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြစိုက်ကွင်းအား ကြည့်ရှုအားပေးကာ လယ်ယာကဏ္ဍ ကုန်ထုတ်စွမ်းအားမြင့်မားရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း လယ်ယာကဏ္ဍ ကုန်ထုတ်စွမ်းအားမြင့်မားရေး၊ လယ်ယာကဏ္ဍနှင့် ပတ်သက်၍ တောင်သူများ၏ လိုအပ်ချက်၊ လယ်ယာကဏ္ဍစိုက်ပျိုးရာတွင်  သီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တောင်သူများအနေဖြင့် မြေပဲသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးရေးတွင် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီး တိုးချဲ့စိုက်ပျိုးကြရန်နှင့် သီးနှံများစိုက်ပျိုးရာတွင်လည်း  မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ပျိုးကြရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက စိုက်ပျိုးရေးတွင် ရေလိုအပ်မှုအခြေအနေနှင့် အခြားကဏ္ဍများကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)