မင်းဘူး ဧပြီ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ခန်ကုန်းကျေးရွာ၌ ယမန်နေ့နံနက် ၁၁ နာရီခွဲခန့်က လူနေအိမ် (၃၂)လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ကျေးရွာသို့သွားရောက်ကာ မီးဘေးသင့် ပြည်သူများနှင့် တွေဆုံ၍ အားပေးစကားများပြောကြားပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးလောင်ရာနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ မီးလောင်ပြင် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများကို စနစ်တကျ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားဆောင်ရွက်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ် ခန်ကုန်းကျေးရွာ၌ ယမန်နေ့နံနက် ၁၁ နာရီခွဲခန့်က ဦးဝေဖြိုးအောင်မှာ နေအိမ်တွင် ၎င်းတို့လင်မယားအချင်းချင်း စကားများရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူက မိမိကိုယ်ကို ဓါတ်ဆီလောင်ပြီး မီးရှို့ရန် ကြံစည်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ် (၃၂)လုံးနှင့် နွားတင်းကုတ် (၁၁)လုံး၊ လက်တွန်းထွန်စက် (၁)စီး၊ ဆိုင်ကယ် (၁)စီးနှင့် စပါးတင်း (၃၀၀) မီးကူးဆက် လောင်ကျွမ်းခဲ့ရာ ကာလတန်ဖိုး ငွေကျပ် ၆၈၆၂၄၀၀၀ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မိမိကိုယ်ကို မီးရှို့ရန်ကြံစည်သူ အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရရှိ၍ ဆေးကုသမှု ခံယူခဲ့ရကာ အိမ်ထောင်စု (၃၄)စုမှ အိမ်ခြေ (၃၂)လုံး၊ လူဦးရေ (၁၄၈)ဦး မီးဘေးသင့်ခဲ့ရကြောင်း သိရသည်။
ထို့နောက် ခန်ကုန်းကျေးရွာ ရတနာပုံကျောင်းဓမ္မာရုံ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံ အားပေးစကားပြောကြားရာမှာ ယခုမီးလောင်မှုတွင် လူတစ်ဦးတစ်ယောက်၏ ဒေါသစိတ်ကိုမထိန်းဘဲ စဉ်းစားတွေးခေါ်မှု အားနည်းခြင်းကြောင့် မီးလောင်မှု မဖြစ်သင့်ဘဲ ဖြစ်ရပါကြောင်း၊ မီးလောင်ရာသို့ လာရောက်ရာတွင်လည်း ကျေးရွားတွင်းလမ်းများမှာ လမ်းကျဉ်း၍ မီးသတ်ကားများ ငြှိမ်းသတ်မှု ဆောင်ရွက်ရာတွင် အဝင်ထွက် အခက်ခဲများရှိသည်ကို မြင်တွေ့ရပါကြောင်း၊ နောက်နောင် မီးလောင်မှု ထပ်မံမဖြစ်ပွားစေရေး ကျေးရွာနေပြည်သူများအနေဖြင့် မီးကိုရိုသေစွာ ဂရုတစိုက်သုံးစွဲ ကြစေလိုပါကြောင်း၊ ယခုမီးလောင်အမှုအတွက် တာဝန်ရှိသူများက ရေသန့်၊ အစားအသောက်နှင့် အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများကို နေ့ချင်းလာရောက်၍ ထောက်ပံ့ပေးထားပါကြောင်း၊ ဒါ့အပြင် ကျေးရွာအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တိုင်းမီးသတ်တပ်ဖွဲ့မှ အပေါ့စားမီးငြှိမ်းသတ်စက်၊ ဘေးစီမံရုံးမှ ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ၊ တိုင်းကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ရေးပစ္စည်းများ၊ တိုင်ပညာရေးမိသားစုမှ ထောက်ပံ့ငွေများအပြင် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ပြီး မီးဘေးသင့်ပြည်သူများအတွက် သုံးပင်အိမ်များ ဆောက်လုပ်ပေးသွားမည့်အပြင် သီးနှံမျိုးစေ့များ၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားများ၊ ကိုင်း၊ ကျွန်း၊ လယ်၊ ယာမြေ ပိုင်ဆိုင်မှုအထောက်အထား ပုံစံ(၇)များနှင့် လိုအပ်သော ပံ့ပိုးကူညီမှုများကို အမြန်ဆုံးရရှိရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးဘေးသင့် အိမ်ထောင်စုများအား အရေးပေါ်လိုအပ်သော ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)