မကွေး  ၂၉  ဇွန် 

 

မကွေးတိုင်းဒေသကြီး၌ တည်းခိုအိပ်ခန်းပေါင်း(၁၀၈၃)ခန်းပါဝင်သည့် ဟိုတယ်၊ မိုတယ် ၄၄လုံး ရှိနေပြီး အစိုးရသစ်ကာလ၌ အာဆီယံအဆင့်မီ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၅)ကြိမ် ဖွင့်လှစ်ခဲ့ကာ အဆင့်မီသင်တန်းသား(၄၄၀)ဦးထိ မွေးထုတ်နိုင်ခဲ့ကြောင်း မကွေးတိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 

 “ ဟိုတယ်တစ်ခုမှာ Infrastructure တွေ၊ ခေတ်မီပစ္စည်းတွေ ဘယ်လောက်ပဲသုံးသုံး လူလူချင်းဆက်ဆံတဲ့ ဝန်ဆောင်မှုမကောင်းရင် ရာနှုန်းပြည့်ကတော့ အောင်မြင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အခြေခံသင်တန်း သုံးမျိုးကတော့ ဟိုတယ်တွေမှာ လိုအပ်နေတဲ့အတွက် ဖွင့်လှစ်ရခြင်းဖြစ်တယ်။ သင်တန်းကာလက တစ်လပါ။ ဒီသင်တန်းတွေက အာဆီယံအဆင့်မီတယ်။ အာဆီယံအဆင့်ထိ ဘောင်ဝင်ပါတယ်။ နေပြည်တော်ဝန်ကြီးဌာနက Certificate ကို လက်မှတ်ထိုးပေးတာပါ ” ဟု မကွေးတိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။

 

ပဉ္စမအကြိမ် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းဆင်းပွဲကို ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက နန်းထိုက်သူ ဟိုတယ်တွင်ပြုလုပ်ခဲ့ပြီး ဧည့်ကြို(Front Office)သင်တန်းသား(၂၇)ဦး ၊ အိပ်ခန်းဆောင်ထိန်းသိမ်း(House Keeping)သင်တန်း သား(၄၀)ဦး ၊ အစားအစာနှင့်အဖော်ယမကာ(စားပွဲထိုး)Food and Beverage သင်တန်းသား(၂၃)ဦး စုစုပေါင်း သင်တန်းဆင်း သူ (၉၀)ဦး ရှိခဲ့သည်။

 

 “ မိမိတို့ဆီကို လာရောက်တည်းခိုတဲ့ ပြည်တွင်းပြည်ပ အလွှာအသီးသီးက ဧည့်သည်တွေကို မွန်မြတ်မှန်ကန်တဲ့ နိုင်ငံကြီးသားစိတ်ဓာတ်နဲ့ ၊ ယဉ်ကျေးပျူငှာဖော်ရွေစွာနဲ့ ဝန်ဆောင်မှုပေးပြီး အောင်မြင်တဲ့ဘဝအခြေအနေကို တက်လှမ်းနိုင်ရမယ် လို့ ယုံကြည်လက်ခံထားကြစေချင်ပါတယ် ” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက သင်တန်းဆင်းမောင်မယ်များနှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောဆိုသည်။

 

ဌာနအနေဖြင့် ပြည်တွင်းပြည်ပ ခရီးသည်များအတွက် ခရီးသွားဒေသသစ်(Distination)များ နှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်းများလုပ်ဆောင်နေကြောင်း၊ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် အလွန်သိမ်မွေ့သည့် ဝန်ဆောင်မှု လုပ်ငန်းဖြစ်ပြီး ဟိုတယ်လုပ်ငန်း(Service Industry)ထဲတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းများ၏ အရည်အချင်း ပြည့်ဝစေရန် သင်တန်းများ ဖွင့်လှစ်နေခြင်းဖြစ်ကြောင်း မကွေးတိုင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 

 ဇေယျတု(မကွေး)

 

IMG_20190