မကွေး ၂၉ သြဂုတ်
မသန်သော်လည်း စွမ်းနိုင်သည့်ခွန်အားဖြင့် အသက်မွေးဝမ်းကြောင်းများပြုနိုင်ရန် မကွေးတိုင်း၌ အသက်မွေးပညာများကို သင်ကြားပေးမည့် စင်တာတစ်ခုပေါ်ပေါက်လာရန် မသန်စွမ်းသူများဘက်မှ မျှော်လင့်နေကြောင်း မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊ မကွေး(ရုံးခွဲ)ဥက္ကဋ္ဌ ဦးကျော်ဟိန်းထံမှ သိရသည်။
“အစိုးရအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ပတ်သက်လို့ မကွေးတိုင်းဒေသကြီးမှာ မသန်စွမ်းစင်တာလေး တစ်ခု ဖွင့်ပေးစေချင်တယ်။ အသက်မွေးပညာ သင်တန်းပေးဖို့ပေါ့။ ကွန်ပျူတာ၊ ဆံသ၊ စက်ချုပ်၊ အီလက်ထရောနစ်၊ ဝပ်ရှော့ စတဲ့ ကိုယ်အင်္ဂါမသန်စွမ်းတဲ့သူတွေ လုပ်ကိုင်နိုင်တဲ့ အတတ်ပညာလေးတွေ သင်ပေးစေချင်တယ်” ဟု မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း၊ မကွေး(ရုံးခွဲ)ဥက္ကဋ္ဌ ဦးကျော်ဟိန်းက ပြောသည်။
လတ်တလောတွင် မကွေးမြို့နေ မသန်စွမ်းသူများထဲမှ အသက်မွေးပညာသင်ယူသူ ၄ ဦးသာရှိသေးပြီး ဆံသ၊ စက်ချုပ်နှင့် တံဆိပ်ရိုက်ပညာများကို သင်ယူလျက်ရှိကြောင်း၊ မကွေး(ရုံးခွဲ)ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၄ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သက်တမ်းတစ်နှစ်အတွင်း အသင်းဝင်မန်ဘာ ၂၅၀ ဦးခန့်ရှိကာ အသင်းမဝင်သေးသည့် မသန်စွမ်းသူများစွာလည်း ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီနှစ်ဇန်နဝါရီလထဲမှာ မိုးယံထီဆိုင်က တစ်စီးကို ခုနှစ်သိန်းလောက်တန်တဲ့ သုံးဘီးဘတ္ထရီလှည်းနှစ်စီး လှူထားတယ်။ စက်တင်ဘာလဆန်းမှာ နောက်ထပ်သုံးစီးထပ်ရောက်မယ်။ မသန်စွမ်းတွေ အလုပ်လုပ်ချင်တယ်ဆိုရင် သင်ပေးပြီး မောင်းလို့ရပြီဆိုတဲ့ အခြေအနေရောက်မှ ထီရောင်းခိုင်းတာ။ မသန်စွမ်းတဲ့အခြေအနေပေါ်မူတည်ပြီး လက်ဘရိတ်၊ ခြေထောက်ဘရိတ် ပြောင်းတပ်ပေးရတာမျိုးလည်း ရှိတယ်။ မသန်စွမ်းနဲ့ပတ်သက်လို့ အလုပ်အကိုင်အခွင့်အလမ်း လိုချင်တယ်၊ လုပ်ချင်တယ်ဆိုရင် ကူညီပေးသွားဖို့အဆင်သင့်ပါပဲ” ဟု ဦးကျော်ဟိန်းက ရှင်းပြသည်။
မကွေးတိုင်းတွင် လူဦးရေ ၃၉ သိန်းကျော် ရှိသည့်အနက် သန်စွမ်းသူ ၃၇ သိန်းကျော်ရှိပြီး မသန်စွမ်းသူ ၂ သိန်းကျော် ရှိနေကြောင်း၊ အမြင်၊ အကြား၊ လမ်းလျှောက်/အမြင့်တက်/ပစ္စည်းကိုင်တွယ်၊ သင်ယူလေ့လာခြင်း/ မှတ်ဉာဏ်/ အာရုံ စူးစိုက်ခြင်းတို့နှင့်သက်ဆိုင်သည့် မသန်စွမ်းသူများမှာ မကွေးတိုင်းလူဦးရေ၏ ၅ ဒသမ ၂ ရာခိုင်နှုန်းရှိနေကြောင်း ၂၀၁၄ ခုနှစ် ပြည်လုံး ကျွတ်သန်းခေါင်စာရင်း မှတ်တမ်းများအရ သိရှိရသည်။
ဇေယျတု(မကွေး)


