မကွေး ၂၃ စက်တင်ဘာ
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ဆိုင်ရာ သံသယစောင့်ကြည့်လူနာများ၊ Positive လူနာများအတွက် ဆေးဝါးဓါတ်စာများ ပေးပို့သည့်အခါ အသုံးပြုနိုင်ရန် ရီမုကွန်ထရိုးဖြင့် ထိန်းချုပ်ရသည့် ရိုဘော့ထရော်လီ တစ်စီးကို နည်းပညာ တက္ကသိုလ်က စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီးထံက သိရသည်။
အဆိုပါ ထရော်လီ ရွေ့လျားယာဉ်တွင် အလိုရှိသည့်နေရာသို့ သွားနိင်ရန် CCTV ၊ သွားရာ လမ်းတစ်လျှောက် တွင်ဖျန်းရန် ပိုးသတ်ဆေးဖျန်းစက် နှင့် လူနာများကို ညွှန်ကြားချက်ပေးနိုင်ရန် စပီကာတို့ပါဝင်ပြီး နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမ များက သုတေသနပြုလုပ်ဆောင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“ ခါတိုင်းဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းတွေ သုံးနေရတာက လက်နဲ့ကိုင်ပြီးတွန်းရတဲ့ ထရော်လီတွေပါ။ ခုက ရီမုကွန်ထရိုးနဲ့ လိုရာကို ပစ္စည်းတွေပို့ဆောင်နိုင်တဲ့ ရိုဘော့ထရော်လီ ဖြစ်တဲ့အတွက် ပိုးတွေ့လူနာနဲ့ထိတွေ့မှု နည်းသွားတာပေါ့။ နည်းပညာတက္ကသိုလ်က တစ်လုံး လှူနိုင်တယ်ဆိုပြီး လာလှူတာပါ။ ကျန်းမာရေးဝန်ထမ်း တွေကိုလည်း အသုံးပြုနည်း လာသင် ပေးသွားပါတယ် ” ဟု မကွေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေး က ပြောသည်။
မကွေးဆေးရုံကြီးတွင် စောင့်ကြည့်သံသလူနာများအတွက် အလားတူရွေ့လျားယာဉ်(၄)ခုခန့်လိုအပ်ပြီး နည်း ပညာ တက္ကသိုလ်၏ ထုတ်လုပ်နိုင်မှုအပေါ် ညှိနှိုင်း၍ တစ်ခုလျင် ငွေကျပ် ၁၈သိန်းခန့် တန်ဖိုးရှိ Robot Trolley များကို လှူဒါန်း နိုင်ကြောင်း မကွေးပြည်သူ့ဆေးရုံအုပ်ကြီး ထံက သိရသည်။
“ Positive လူနာတွေနဲ့ ထိတွေ့မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ကြတဲ့အခါမှာ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ရှောင်လို့မရတာတွေ ရှိပါတယ်။ ကုသဖို့မလိုသေးဘူး။ ဆေးပေး ဆေးယူလောက် ၊ ထမင်းပေးတာလောက်ကို လူမသုံး တော့ဘဲနဲ့ နည်းပညာအကူအညီလေးနဲ့ ပေးလို့ရအောင် တစ်ကယ်မလိုအပ်သေးဘဲနဲ့ တိုက်ရိုက်ထိတွေ့မှုနည်းအောင် ၊ ရည်ရွယ်ပြီး လှူဖြစ်တာပါ ” ဟု နည်းပညာတက္ကသိုလ်(မကွေး) ပါမောက္ခ ဒေါက်တာ မြနန္ဒလွင် က ရှင်းပြသည်။
နိုင်ငံတော်က သုတေသနလုပ်ခွင့်ချထားပေးသည့် ဘတ်ဂျက်ကိုအသုံးပြု၍ နည်းပညာတက္ကသိုလ် (မကွေး) EC ဌာနက သုတေသနပြုတီထွင်ခဲ့ကာ လှူဒါန်းမှု လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၊ ဒေသအကျိုးပြု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဌာနတစ်ခုချင်းအလိုက် တီထွင်မှုများကိုလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)