မကွေး ၃ အောက်တိုဘာ
မကွေးတိုင်းအတွင်းရှိ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ ၄၄ ဦး ထဲမှ လူနာ ၂၇ ဦးကို ကျန်းမာရေး ကောင်းမွန်ပြီဖြစ်သည့်အတွက် တက်ရောက်ကုသနေသည့် ဆေးရုံများမှ ဆင်းခွင့်ပြုထားကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
မကွေးတိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာများကို မကွေးပြည်သူ့ဆေးရုံ၊ သင်ကြားရေးဆေးရုံ၊ တောင်တွင်းပြည်သူ့ဆေးရုံ၊ ချောက်ပြည်သူ့ဆေးရုံ၊ ရေနံချောင်းပြည်သူ့ဆေးရုံ၊ သရက်ပြည်သူ့ဆေးရုံ နှင့်အောင်လံပြည်သူ့ဆေးရုံများတွင် ဆေးကုသ ပေးလျက်ရှိသည်။
"လက်ရှိ ဆေးရုံဆင်းထားတဲ့လူတွေအနေနဲ့ အိမ်မှာ HQ တစ်ပတ်နေထိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ လူနာ ၂၇ ဦးကို ဆင်းခွင့်ပြုထားပါတယ်။ နောက်ထပ်ဆင်းခွင့်ရမယ့်သူတွေလည်း ရှိနေပါတယ်။
မကွေးတိုင်းက ဓာတ်ခွဲနမူနာပို့ပြီးစစ်တာ လူဦးရေ ၁၄၀၀၀ ကျော်ရှိပါတယ်။
လတ်တလော ဓာတ်ခွဲအဖြေစောင့်နေသူကတော့ လူဦးရေ ၈၀၀ ကျော်ရှိတယ် '' ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။
အောက်တိုဘာ ၂ ရက်နေ့၌ မကွေးသင်ကြားရေး ဆေးရုံတွင် တက်နေသည့် ကြာကန်ကျေးရွာမှ ပိုးတွေ့ လူနာ ၅ ဦး ၊ နတ်မောက်ပြည်သူ့ ဆေးရုံတက် လူနာတစ်ဦး စုစုပေါင်း ၆ ဦး ဆေးရုံဆင်းခွင့်ရခဲ့ပြီး ယနေ့ အောက်တိုဘာ ၃ ရက်နေ့ညနေပိုင်း၌ မကွေးမြို့နယ်၊ ကြာကန်ရွာမှ လူနာတစ်ဦးမှာ သင်ကြားရေး ဆေးရုံမှ ဆင်းခွင့်ရမည်ဖြစ်သည်။
မကွေးတိုင်းအတွင်း ကိုဗစ် positive တွေ့ရှိမှု အခြေအနေမှာ မကွေးမြို့နယ် (၁၇)ဦး၊ နတ်မောက်မြို့နယ် (၅)ဦး၊ မြို့သစ်မြို့နယ် (၃)ဦး၊ တောင်တွင်းကြီးမြို့နယ် (၃)ဦး၊ သရက်မြို့နယ် (၂)ဦး၊ အောင်လံမြို့နယ် (၂)ဦး၊ မြိုင်မြို့နယ် (၁)ဦး၊ မင်းလှမြို့နယ် (၂)ဦး၊ ပေါက်မြို့နယ်(၁)ဦး၊ ချောက်မြို့နယ် (၅)ဦး၊ ပခုက္ကူမြို့နယ် (၁)ဦး၊ ရေနံချောင်းမြို့နယ် (၁)ဦး၊ ပွင့်ဖြူမြို့နယ် (၁)ဦး စုစုပေါင်း ၄၄ ဦး ဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
ဇေယျတု(မကွေး)