မကွေး ၂၆ စက်တင်ဘာ
ရဲတပ်ဖွဲ့မှတ်တမ်းများအရ မကွေးတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၂၅ မြို့နယ်တွင် လူသတ်မှုနှင့် မုဒိမ်းမှုများ ယမန်နှစ်ကထက် လျော့နည်းသွားဖွယ်ရှိကြောင်း ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လတ်ထံမှ သိရသည်။
မကွေးတိုင်း၌ ၂၀၁၈ခုနှစ်တွင် အမှုကြီး (၂၁၅)မှု ဖြစ်ပွားခဲ့ပြီး ယင်းတို့ထဲ၌ လူသတ်မှု (၁၀၃) မှု ၊ မုဒိမ်းမှု (၉၂) မှု ပါဝင်ကြောင်း ၊ ၂၀၁၉ခုနှစ်တွင် ဇန်နဝါရီလ မှ သြဂုတ်လကုန်ထိ အမှုကြီး (၁၄၄ ) မှု ဖြစ်ပွားခဲ့ပြီး ယင်းတို့ထဲ၌ လူသတ်မှု (၆၆)မှု ၊ မုဒိမ်းမှု(၆၆)မှုပါဝင်ကြောင်း ရဲတပ်ဖွဲ့က မှတ်တမ်းတင်ထားသည်။
“ အမှုကြီးတွေထဲမှာ လူသတ်မှုနဲ့ မုဒိမ်းမှုက အဖြစ်များတယ်။ မုဒိမ်းမှုတွေထဲမှာ ချစ်လို့ကြိုက်လို့ လိုက်ပြေးသော်လည်းပဲ မိဘတွေက သဘောမတူတာတို့ကြောင့် မုဒိမ်းမှုနဲ့ ဖွင့်တာတွေလည်း ရှိပါတယ်။ အခြားအမှုတွေမှာတော့ ယာဉ်တိုက်မှုက အဖြစ်များတယ်။ စာရင်းတွေအရ မှုခင်းတွေ လျော့ဖို့များပါတယ် ” ဟု ရဲမှူးကြီးခင်မောင်လတ်က ဆိုသည်။
မကွေးတိုင်းတွင် အမှုကြီးစာရင်းတွင် မပါသော အခြားအမှုဖြစ်ပွားမှုမှာ ၂၀၁၈ ခုနှစ်၌ (၅၆၄၈) မှု ၊ ၂၀၁၉ ခုနှစ် အတွင်း၌ သြဂုတ်လကုန်ထိ (၃၇၆၉) မှုရှိနေပြီး အများဆုံးဖြစ်သည့်အမှုမှာ ယာဉ်တိုက်မှုဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်ထဲ၌ အသက် (၂) နှစ်မှ (၅) နှစ်အရွယ်ထိ (၄) ဦး၊ (၆) နှစ်မှ (၁၀) နှစ်အရွယ်ထိ (၆) ဦး စုစုပေါင်းကလေး (၁၀) ဦး သက်ငယ်မုဒိမ်း ကျူးလွန်ခံခဲ့ရပြီး မူးယစ်ဆေးဝါးမှု (၄၉) မှုနှင့် တရားခံ ကျား (၈၄) ဦး၊ မ (၁၀) ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
လတ်တလောတွင် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မကွေးမြို့၌ ကျောင်းသူကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ အများပြည်သူ လုံခြုံရေးနှင့် မှုခင်းကျဆင်းရေးတို့အတွက် အပန်းဖြေနေရာများ၊ လမ်းဆုံလမ်းခွများ၊ ဈေး နှင့် ကျောင်းများ ပတ်ဝန်းကျင်တွင် ရပ်ကင်း၊ လှည့်ကင်းများဖြင့် လုံခြုံရေးတိုးမြှင့်ထားကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်လတ် ထံမှ သိရှိရသည်။
ဇေယျတု(မကွေး)


