မကွေး ၉ သြဂုတ်
မကွေးတက္ကသိုလ် မကွေးပညာ့ရိပ်သာအိမ်ရာဝန်း ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ မြင်းကင်းလမ်းပေါ်ရှိ မကွေးတက္ကသိုလ် ပညာ့ရိပ်သာအိမ်ရာ ဆောက်လုပ်မည့်ဝန်းအတွင်း ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ Myanmar Imperial Vega Company Limited မှ ဦးဝိတ်တို့က သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တိုင်အား ရိုက်သွင်းပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
“မြန်မာနိုင်ငံပညာရေးကဏ္ဍ တိုးတက်ရေးအတွက် အဓိကကျတဲ့ ဆရာ/ဆရာမများနဲ့ ပညာရေးဝန်ထမ်းများရဲ့ နေထိုင်မှု အဆင့်အတန်း မြင့်မားပြီး အဆင်ပြေချောမွေ့စေရေးအတွက် မကွေးတက္ကသိုလ်မှာ ပညာ့ရိပ်သာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်၊ ဒီအိမ်ရာ စီမံကိန်းမှာ အဆင့်မြင့်အိမ်ရာ လူနေအိမ်ခန်းပေါင်း(၁၆၀)၊ လူဦးရေ(၃၅၀)ဆံ့ Community Center (၁)လုံး၊ ကျန်းမာရေးပြုလုပ်နိုင်ဖို့အတွက် အားကစားခန်းမ(၁)ခု ပါဝင်တဲ့ အဆင့်မြင့်အိမ်ရာ ဆောက်လုပ်မှာဖြစ်ပါတယ်၊ ဒီစီမံကိန်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပညာရေးဝန်ကြီး ဌာနက လုပ်ငန်းအပ်နှံသူ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက လုပ်ငန်းကြီးကြပ်စီမံခန့်ခွဲသူ၊ Myanmar Imperial Vega Company Limited က လုပ်ငန်းလက်ခံသူ အနေနဲ့ ဆောင်ရွက်လုပ်ကိုင် သွားမှာဖြစ်ပါတယ်ဟု မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက ပြောသည်။
သန်းနိုင်ဦး(ငဖဲ)