မကွေး ၁၇ ဒီဇင်ဘာ
၁၉၉၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် မကွေးဒီဂရီကောလိပ်ကို မကွေးတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုသဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ကျရောက်မည် မကွေးတက္ကသိုလ် ငွေရတုပွဲ အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တက္ကသိုလ် ပါမောက္ခချုပ်တို့၏ လမ်းညွှန်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးတက္ကသိုလ် ငွေရတုသဘင်ကို မကွေးဥပစာကောလိပ်၊ မကွေးကောလိပ်၊ မကွေးဒီဂရီ ကောလိပ်နှင့် မကွေးတက္ကသိုလ် ကျောင်းသားဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသားများ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် အချင်းချင်းတွေ့ဆုံ၍ အတွေအကြုံများ ဖလှယ်နိုင်ခြင်း စသည့် ရည်ရွယ်ချက်များဖြင့် အမိတက္ကသိုလ်၏ မွေးနေ့ပွဲကို ကျင်းပခြင်းဖြစ်ပြီး ငွေရတုသဘင်ပွဲတွင် သုတေသနစာတမ်းဖတ်ကြားခြင်း၊ တက္ကသိုလ် အဓိပတိလမ်းဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်ဖွင့်လှစ်ခြင်း၊ ငွေရတုပန်းခြံဖွင့်လှစ်ခြင်းနှင့် အာဘိုရီတန်ခေါ် သစ်မျိုးစုံစိုက်ခင်းဖွင့်လှစ်ခြင်း၊ တက္ကသိုလ်ပန်းချီ၊ ဓာတ်ပုံပြပွဲကျင်းပခြင်း၊ ကျောင်းသားဟောင်းများအသင်း ဖွဲ့စည်းခြင်း၊ တက္ကသိုလ်မော်ကွန်းတိုက်နှင့် သမိုင်းပြတိုက်ဖွင့်လှစ်ခြင်း၊ တက္ကသိုလ် ဝက်ဘ်ဆိုက်တစ်ခု ထူထောင်ခြင်း၊ မကွေးတက္ကသိုလ် သမိုင်းစာအုပ်ထုတ်ဝေခြင်းနှင့် အထိမ်းအမှတ်ပစ္စည်းထုတ်ဝေခြင်း၊ တက္ကသိုလ် အနုပညာအသင်း၏ လုပ်ဆောင်မှုများ၊ စာကြည့်တိုက်လုပ်ငန်းများနှင့် ဂုဏ်ပြုပွဲနှင့် ညစာစားပွဲတို့ ကျင်းပပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးတက္ကသိုလ် ငွေရတုသဘင်အခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၅ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မွေးနေ့အကြိုအဖြစ် ဒီဇင်ဘာ ၁၉ ရက်တွင် သုတေသနစာတမ်းဖတ်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို (၂)ကြိမ်ခွဲ၍ သတ်မှတ်အချိန်အတိုင်း ကျင်းပပြီး ဒီဇင်ဘာ ၂၀ ရက်တွင် သုတေသနစာတမ်းဖတ်ပွဲ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)