မကွေး ၂၈ ဇန်နဝါရီ
မကွေးတက္ကသိုလ်၏ (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်က အစမ်း လေ့ကျင့်ခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်မှ ၃၀ ရက်အထိ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဆက်လက်ကျင်းပသွား မည်ဖြစ်ရာ ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီမှ စတင်၍ မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ခမ်းနား ထည်ဝါစွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီးဒေါက်တာခင်မောင်ဦး က ဘွဲ့နှင်းသဘင် အဖွင့်မိန့်ခွန်းပြောကြားသည်။
ဘွဲနှင်းသဘင် အခမ်းအနားတွင် (၂၀၁၈-၂၀၁၉) ပညာသင်နှစ် မကွေးတက္ကသိုလ်နှင့် ရေနံချောင်း ဒီဂရီ ကောလိပ်တို့မှ မဟာသုတေသနဘွဲ့၊ မဟာဘွဲ့၊ ဥပဒေဘွဲ့နှင့် ဂုဏ်ထူးဘွဲ့၊ ရိုးရိုးဘွဲ့ရရှိသူများ၊ အဝေး ရောက်ဘွဲ့နှင့် နှစ်ချို့ဘွဲ့ လျှောက်ထားသူများ (၂၃၇၁) ဦးတို့ကို မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ နံနက်ပိုင်း၊ မွန်းလွဲပိုင်း(၂)ပိုင်းခွဲ၍ ဘွဲ့များ အသီးသီး အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မကွေးတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များနှင့် ပါမောက္ခ ဌာနမှူးများ၊ ပါမောက္ခများ၊ မိဘဆွေမျိုး ဧည့်သည်တော်များနှင့် ဘွဲ့ယူမည့် မောင်မယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
