ပူတာအို ၃ ဖေဖော်ဝါရီ
ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော မချမ်းဘော့-ဖရူခ-ရပ်ဘော့-နောင်မွန်ကားလမ်းမပေါ်ရှိ ထီခတံတားနှင့် ထာခတံတား (၂)စင်းကို ဖေဖော်ဝါရီ(၃)ရက် နံနက် (၉)နာရီတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်နှင့် တံတားဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးဇော်ဝင်းမြင့်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် တံတားသစ်ဖွင့်ပွဲကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညန့်၊ ကချင်ပြည်နယ် လွှတ်တော်ဒုတိယဉက္ကဌ ဦးဒိန်ခန်ဖုန်(ခ) ခန်လင်၊ ပြည်နယ်ဥပဒေချုပ်ဦးဒီဆင်ရမ်၊ လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်ကျော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးယောဆီတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ဆက်လက်၍ ကဗ္ပည်းမော်ကွန်းကျောက်စာတိုင်ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးနှင့် ဧည့်သည်တော်များက တံတားပေါ်သို့ဖြတ်သန်းကြည့်ရှုကာ ဒေသခံပြည်သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါတံတားနှစ်စင်းကို တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)က ပြည်နယ်ရန်ပုံငွေဖြင့် အကျယ် ၂၂ ပေ၊ အရှည်ပေ ၄၀ဝ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ်(၁/၈) ထီခတံတားနှင့် အကျယ် ၂၂ ပေ၊ အရှည်ပေ ၂၀ဝသံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်သည့် တံတားအမှတ်(၃/၂၂) ထာခတံတားတို့ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတံတားသစ်များတည်ဆောက်ပြီးစီးမှုကြောင့် ပူတာအိုခရိုင်အတွင်းရှိ နောင်မွန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်နှင့် ပန်နန်းဒင်မြို့မှပြည်သူများ ရာသီမရွေး အလွယ်တကူသွားလားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဆန်းညွန့်(ပူတာအို)