ပူတာအို ၂၇ ဒီဇင်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ နမ်ခမ်ကျေးရွာ အရှေ့မြောက်ဘက် နှစ်မိုင်ခန့် အကွာတွင်ရှိသော ရှဲဝမ်ခုနစ်ထပ်ရေတံခွန်အား ရဝမ်လူငယ်များအသင်းနှင့် နမ်ခမ်ကျေးရွာ လူထုများ ပူးပေါင်းမှုဖြင့် ရှဲဝမ်ခုနစ်ထပ်ရေတံခွန် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိရာ စနေ၊တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ တစ်နေ့လျှင် ၁၅၀ ဝန်းကျင်ခန့် လာရောက်လည်ပတ် အပန်းဖြေလျက်ရှိကြောင်း သိရသည်။

ရှဲဝမ်ခုနစ်ထပ်ရေတံခွန်သို့ ၂၀၁၆ ခုနှစ်ခန့်က ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားတစ်စု တက်ရောက်ခဲ့ရာမှ လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့သွားကာ တဖြည်းဖြည်း လူသိများလာ ကြောင်း၊ ယခင်က တစ်ထပ်နှင့်တစ်ထပ် တက်ရောက်ရာတွင် အန္တရာယ်များကြားက တက်ရောက်ရပြီး ယခုနှစ် စက်တင်ဘာလမှစတင်၍ ပူးပေါင်းအဖွဲ့များက လာရောက်အပန်းဖြေသူများ အဆင်ပြေ ချောမွေ့စေရေးအတွက် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက် ယခုအခါ တတိယထပ်အထိ လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီး တတိယအထပ်မှ စတင်ကာ ခုနစ်ထပ်ထိ ပြုပြင်ထိန်းသိမ်းမှုများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရှဲဝမ်ခုနစ်ထပ်ရေတံခွန်ကော်မတီထံမှ သိရသည်။
အဆိုပါ ရေတံခွန်သို့ သွားရောက်လည်ပတ်မည်ဆိုပါက တောင်ခြေအထိ မော်တော်ဆိုင်ကယ်များဖြင့် သွားလာနိုင်ကြောင်း၊ တောင်ခြေစခန်းတွင် ဝင်ကြေးလူတစ်ဦးလျှင် ၅၀ဝ ကျပ်၊ ကား/သုံးဘီးအပ်ခ ၁၀ဝ၀ ကျပ်၊ ဆိုင်ကယ်အပ်ခ ၅၀ဝ ကျပ် ကောက်ခံလျက်ရှိကြောင်း၊ ကောက်ခံရရှိငွေများဖြင့် ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိပြီး ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် စားသောက်ဆိုင် များလည်း စီမံထားရှိကြောင်း ယင်းကော်မတီထံမှ သိရသည်။
ပူတာအိုခရိုင်တွင် ပြည်တွင်းပြည်ပမှ လာရောက်လည်ပတ်နိုင်သော နေရာများဖြစ်သည့် ဖုန်ကန်ရာဇီ ရေခဲတောင်၊ ခါကာဘိုရာဇီရေခဲတောင်၊ ကောင်းမှုလုံစေတီတော်၊ ကျောက်နဂါး၊ ဂူဘား၊ နတ်ကျွန်း၊ မူလာရှီးဒီ ကြိုးတံတားများအပြင် ရှဲဝမ်ခုနစ်ထပ်ရေတံခွန်သည် သဘာဝအလှမပျက် ထိန်းသိမ်း ထားသော နေရာတစ်နေရာဖြစ်လာသည်နှင့်အညီ ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ အချိန်တို အတွင်း လာရောက်လည်ပတ် အပန်းဖြေနိုင်သော နေရာတစ်နေရာပင်ဖြစ်သည်။
ဖုန်ကန်(ပူတာအို)၊ ဆန်းညွန့်(ပူတာအို)
