မချမ်းဘော့    ၁၈   မေ

     

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်အတွင်း ပြည်ပနိုင်ငံမှ ပြန်လည်ရောက်ရှိသူများနှင့် ရန်ကုန်မန္တလေးမှ ပြန်လာသူများအား သတ်မှတ်နေရာများ၌ သီးသန့်ထားရှိ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့ထံမှ သိရသည်။ 

       

ယခင်သီးသန့်ထားရှိ စောင့်ကြည့်သူ (၆) ဦးအား ကန့်သတ်ရက်ပြည့်ပြီး ဆေးစစ်ဆေးချက် အဖြေရရှိကာ ကျန်းမာရေးကောင်းမွန် သောကြောင့် ၎င်းတို့နေရပ်သို့ ပြန်လည်စေလွှတ်ခဲ့ပြီး ယခုအခါတွင် သီးသန့်ထားရှိ စောင့်ကြည့်သူ စုစုပေါင်း ၁၆ ဦး ရှိကြောင်းသိရသည်။ ၎င်းတို့အား သတ်မှတ်ထားသော နေရာများ၌ (၂၁)ရက် အသွားအလာ ကန့်သတ်ထားပြီးနေရာ ချထားကြောင်း သိရသည်။

     

အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူများကို ကျန်းမာရေး အခြေအနေ ထူးခြားမှု ရှိ၊ မရှိ စစ်ဆေး စောင့်ကြည့်ခြင်း ညွန်ကြားချက်နှင့်အညီ နေထိုင်ရေး ဒေသန္တရအမိန့်များ နှင့်ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရေးအတွက် အနီးကပ် စောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ခွန်လင်းဦး(ပြန်/ဆက်)