မချမ်းဘော့ ၁၁ ဧပြီ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား ပြည်သူများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်နီ(၁)ပိဿာ ထောက်ပံ့ကူညီမှုကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ၊ ပြည်ပမှပြန်လည်ရောက်ရှိသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တင်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူနိုင်ရေးနှင့် နိုင်ငံတော်မှ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်မိသားစုများအား ထောက်ပံ့သည့် အခြေခံစားသောက်ကုန်ငါးမျိုးအား ပြည်သူများလက်၀ယ်အရောက် စနစ်တကျဖြန့်ဝေပေးရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် မချမ်းဘော့မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိနယ်မြေအလိုက် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်မိသားစုများ လက်၀ယ်အရောက် နေ့ချင်းပြီး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၇)အုပ်စုရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်မိသားစု (၅၁၀)စုသို့ ဆန်(၁၇၀)အိတ်၊ ကြက်သွန်နီ(၁၁၉)ပိဿာ၊ ဆီ(၂၅၅)ပိဿာ၊ ဆား(၅၁၀)ပိဿာနှင့် ပဲ(၅၁၀)ပိဿာတို့ကို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


