မချမ်းဘော့ ၁၂ ဧပြီ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားပြည် သူများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်နီ(၁)ပိဿာ စုစုပေါင်းထောက်ပံ့ကူညီမှု ငါးမျိုးပေးအပ်ပွဲကို ဧပြီ(၁၁)ရက် နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခ ခန်းမဆောင်၌ ကျင်းပသည်။
ပေးအပ်ပွဲတွင် ခရိုင်စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က လတ်တလောဖြစ်ပွား နေသော ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ၊ ပြည်ပမှပြန်လည်ရောက်ရှိသူများ ရှိပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တင်ပြပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူနိုင်ရေးနှင့် နိုင်ငံတော်မှ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်မိသားစုများအား ထောက်ပံ့သည့် အခြေခံစားသောက်ကုန်ငါးမျိုးအား ပြည်သူများ လက်၀ယ်အရောက် အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဖြန့်ဝေပေးရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်နှင့်ကော်မတီ၀င်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းနှင့်ကော်မတီ၀င်များက မချမ်းဘော့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံထောက်ပံ့ပစ္စည်းဖြစ်သည့် အခြေခံစား သောက်ကုန်ငါးမျိုးအားအသီးသီးပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိမိနယ်မြေအလိုက် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်မိသားစု လက်၀ယ်အရောက် နေ့ချင်းပြီး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါမချမ်းဘော့မြို့ နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၇)အုပ်စုရှိ ပုံမှန်၀င် ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်မိသားစု (၅၁၀)စုသို့ ဆန်(၁၇၀)အိတ်၊ ကြက်သွန်နီ(၁၁၉)ပိဿာ၊ ဆီ(၂၅၅)ပိဿာ၊ ဆား(၅၁၀)ပိဿာနှင့် ပဲ(၅၁၀)ပိဿာတို့ကို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


