မချမ်းဘော့ ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ် နှစ်နေရာဖွင့်လှစ်ပြီး ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ စေတနာ့၀န်ထမ်းများက ဇူလိုင် (၁၃)ရက်မှ စတင်၍ ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်တွင် Quarantine Center အဖြစ် ပထမနေရာတွင် (၁၆)နေရာ၊ ဒုတိယနေရာတွင် (၁၅)နေရာ နှစ်နေရာပြင်ဆင်ထားရှိကြောင်း၊ မချမ်းဘော့မြို့အ၀င် နှစ်နေရာဖြစ်သည့် မလိခတံတား (မချမ်းဘော့)နှင့် ကောင်းမှုလုံတံတားတွင် ကိုဗစ်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း၊ အပူချိန်တိုင်းတာခြင်းများကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့် စေတနာ့၀န်ထမ်း အဖွဲ့များက ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများ၊ စေတနာ့၀န်ထမ်းများနှင့် ပူးပေါင်းပြီး မြို့မဈေးနှင့် လမ်းဆုံလမ်းခွများတွင် Mask Campaign ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် ဌာနဆိုင်ရာရုံးများနှင့် မြို့မဈေးတို့တွင် ကိုဗစ်ရောဂါ ပိုးသတ်ဆေးဖျန်းခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်ရောဂါနှင့် ပတ်သက်သော ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်က ပြောသည်။

မချမ်းဘော့မြို့နယ်တွင် ပူတာအို- နောင်ခိုင်- မချမ်းဘော့မြို့အ၀င် မလိခတံတား(မချမ်းဘော့)နှင့် ပူတာအို-ကောင်းမှုလုံကျေးရွာအ၀င် ကောင်းမှုလုံတံတားနေရာ နှစ်နေရာတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ မြို့အ၀င် အထွက်တွင် ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

mdn