၂၆ ဇွန်

 

မက္ကဆီကို သမ္မတနဲ့ တွေ့ဆုံအပြီး သုံးရက်အကြာ ဘဏ္ဍာရေးဝန်ကြီး အာတူရို ဟာရာရာ က သူ့မှာ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။  ကျန်းမာရေး ဝန်ကြီးဌာနကလည်း တစ်နိုင်ငံလုံးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နှစ်သိန်းကျော်အထိရှိလာကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။

 

ဝန်ကြီးက သူ့မှာ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာ တွေ့ရှိကြောင်း၊ အခုချိန်ကစပြီး သီးသန့် ခွဲခြား နေထိုင်သွားမှာဖြစ်ပြီး နေအိမ်ကနေ အလုပ်ဆက်လုပ်သွားမယ်လို့ တွစ်တာမှာ ရေးသားလိုက်ပါတယ်။

 

တနင်္လာနေ့က ဘဏ္ဍာရေးဝန်ကြီးနဲ့အတူ ပြည်ထဲရေးဝန်ကြီး အပါအဝင် ဝန်ထမ်းတွေဟာ သမ္မတနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲဗီဒီယိုဖိုင်ကို သမ္မတရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

 

ဆွေးနွေးပွဲဗီဒီယိုဖိုင်မှာ သမ္မတနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ဟာ မျက်နှာဖုံးဝတ်ဆင်ထားခြင်းမရှိဘဲ ကပ်ထိုင်တာကို တွေ့ရပါတယ်။ ဆွေးနွေးပွဲမှာ ပါဝင်သူတွေရဲ့ နေရာချထားပုံဟာ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများရဲ့ ဗိုင်းရပ်စ်ပိုး မကူးစက်အောင် ထိုင်ရမယ့် အကွာအဝေးအတိုင်းအတာ မရှိတာကို တွေ့ရပါတယ်။

 

ဘဏ္ဍာရေးဝန်ကြီးဟာ အင်္ဂါနေ့မှာ နောက်ထပ်ဝန်ကြီးနှစ်ယောက်နဲ့လည်း ဆွေးနွေးပွဲလုပ်ခဲ့ကြောင်း သိရပါတယ်။

 

လူဦးရေ ၁၂၇ သန်းနေထိုင်တဲ့ မက္ကဆီကို နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂၀၂,၉၅၁ ဦးရှိပြီး သေဆုံးသူ ၂၅,၀၆၀ ဦးသေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၊ကူးစက်ရောဂါဌာန အကြီးအကဲက ကြာသပတေးနေ့က ထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။

 

ကပ်ရောဂါဗိုင်းရပ်စ်ပိုးဟာ လွန်ခဲ့တဲ့ လေးလနီးပါးက မက္ကဆီကိုနိုင်ငံကို ရောက်ရှိခဲ့တာလို့ သိရပါတယ်။ မက္ကဆီကိုနိုင်ငံမှာ လူတစ်သိန်းကို ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၅၉ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

MDN

ကိုးကား - AFP